ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် တပ်သားတွေနဲ့ စစ်သားတွေ ရက္ခိုင့်တပ်တော် (အေအေ) အဖွဲဆီ ခိုလှုံလာတာ အခုလ စက်တင်ဘာ ၁၂ ရက်နေ့အထိ ၅ ဦးရှိလာပြီလို့ စစ်ရေးလေ့လာသူတွေဆီက သိရပါတယ်။
စစ်ရေးအားလေ့လာသူတဦးက “ဟုတ်ပါတယ်။ စစ်ကောင်စီ လက်နက်ကိုင်တပ်သားတွေ အေအေဘက်ကို လက်နက်မဲ့ ခိုလှုံတာ။ စက်တင်ဘာ ၁၂ ရက်နေ့အထိ ၅ ဦးရှိလာတယ်။ ရသေ့တောင်မှာ ၃ ဦး၊ ကျောက်တော်မှာ ၂ ဦး၊ စုစုပေါင်း ၅ အထိ ရှိနေတယ်။ နောက်အနာဂတ်မှာ ဒီထက်ပိုများလာနိုင်တယ်” လို့ ပြောပါတယ်။
ကျောက်တော်မြို့ပေါ်မှ ၈ မိုင်ခန့်အကွာ မဟာမုနိဘုရားပေါ် တပ်စွဲထားတဲ့ စစ်ကြောင်းမှ စစ်သား ၂ ဦး စက်တင်ဘာ ၁၀ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က လက်နက်မဲ့ ထွက်ပြေးသွားကာ အေအေဆီ ခိုလှုံခဲ့ပြီး ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအဝင်ရှိ ဘုရားတောင်မှာ တပ်စွဲထားတဲ့ နယ်ခြားစောင့်တပ်က အရာရှိတဦးနဲ့ တပ်သားနှစ်ဦးတို့လည်း စက်တင်ဘာ ၆ ရက်နေ့က ရက္ခိုင့်တပ်တော်ဆီ လက်နက်မဲ့ ထွက်ပြေးခိုလှုံခဲ့ကြတာလို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်တွေ အေအေဘက်ကို ထွက်ပြေးခိုလှုံလာကြတာဟာ တပ်တွင်းနေရာပေးမှု မညီမျှတာ၊ ဘက်လိုက်တာတွေ ရှိနေတာကြောင့် ခိုလှုံလာကြတာလို့ စစ်ရေးလေ့လာသူက ပြောပါတယ်။
“အဓိက က ခွဲခြားဆက်ဆံခံရတာပေါ့ဗျာ။ အထက်အရာရှိ ဆွေမျိုးတွေ၊ ရင်းနှီးသူတွေကျတော့ ငွေရွှင်တဲ့ စစ်ဆေးရေးဂိတ်တွေမှာ နေရာချပေးထားတယ်။ သူတို့ကျတော့ ရိက္ခာတောင် မထောက်ပံ့နိုင်တဲ့ ရှေ့တန်းစစ်မျက်နှာကို အပို့ခံရတယ်။ သူတို့စခန်းတွေကို အေအေ ဝင်တိုက်ရင် သူတို့သေမယ်ဆိုတာ သိနေတယ်။ ထောက်ပို့က ပြတ်နေတော့ သူတို့စိတ်ဓာတ်တွေ ကျဆင်းလားနေတာ။ ဒါကြောင့် ထွက်ပြေးကြတာ။ လက်နက်မယူဘူး။ လက်နက်ယူရင် အေအေက လွှတ်ပေးရင်လည်း စစ်ကောင်စီက သူတို့ကို လိုက်ရှာပြီးသတ်မှာ။ နောက်အနာဂတ်မှာ ဒီလို ထွက်ပြေးတာ ပိုများလာလိမ့်မယ်။”
ရခိုင်ပြည်နယ်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေက အရာရှိပိုင်းနဲ့ နီးစပ်သူတွေဟာ ငွေရလွယ်တဲ့ စစ်ဆေးရေးဂိတ်တွေမှာ တာဝန်ထမ်းဆောင်နေကြရပြီး သာမန်အရာရှိနဲ့ တပ်သားတွေမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ရှေ့တန်းစစ်မြေပြင်ကို ခြေလျင်သွားနေကြပြီး တိုက်ပွဲဝင်နေကြရတာပါ။
ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့ကလည်း ကျောက်တော်မြို့မှ စစ်သားတဦး လက်နက်မဲ့ ထွက်ပြေးပြီး အေအေဆီ ခိုလှုံခဲ့ကြောင်း လေ့လာသူတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။