စစ်ကောင်စီဟာ နိုင်ငံတဝှမ်းက ၇၂ မြို့နယ်ကိုပဲ အပြည့်အဝထိန်းချုပ်နိုင်တော့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီအဖွဲ့(SAC- Myanmar)က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်တွေကို အားကိုးပြီးထိန်းထားနိုင်တဲ့နယ်မြေ ၂၁ မြို့နယ် (မြို့နယ်စုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်း)၊ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီကို မပြတ်တိုက်ခိုက်နေတဲ့နယ်မြေက ၁၁၀ မြို့နယ် (၃၃ ရာခိုင်နှုန်း) အထိရှိလာတယ်လို့ ဆိုပါတယ်။
SAC- Myanmar ကိုတည်ထောင်သူဖြစ်သလို မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလအထူးကိုယ်စားလှယ် အဖြစ် တာဝန်ယူခဲ့တဲ့ ပရော်ဖက်ဆာ မစ္စရန်ဟီးလီက စစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေကို ကုလနဲ့နိုင်ငံတကာက စာနာထောက်ထားဖို့ အရေးတကြီးလိုအပ်နေပြီး နိုင်ငံတကာတရားရုံး ICC က အရေးယူဖို့သင့်နေပြီလို့ စက်တင်ဘာ ၇ ရက်နေ့ကပြုလုပ်တဲ့ မြန်မာ့ခုခံတွန်းလှန်စစ် အောင်ပွဲသို့သွားရာလမ်း စကားဝိုင်းမှာ အကြံပြုထားပါတယ်။
"အဖွဲ့ဝင်နိုင်ငံတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုရပါမယ်။ ရောမစာချုပ်မှာ ပါဝင်တဲ့နိုင်ငံတွေရဲ့ အခြေအနေကို အသိအမှတ်ပြုရပါမယ်။ တကယ်လို့ ICC က ဘာမှမလုပ်ဘူးဆိုရင် ကုလအထွေထွေညီလာခံမှာ လူ့အခွင့်အရေးကောင်စီက သီးခြားခုံရုံး တည်ထောင်ဖွဲ့စည်းပြီး အမှုစစ်ဆေးတဲ့လုပ်ငန်းစဉ်စတင်ဖို့တာဝန်ယူရပါမယ်” လို့ ပြောပါတယ်။
SAC- Myanmar ရဲ့ ထုတ်ပြန်ချက်အရ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ရေးအားသာလာတဲ့ နယ်မြေ ၃၂ မြို့နယ် (၁၀ ရာခိုင်နှုန်း) အထိရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ်ထားတဲ့နယ်မြေက ၂၈ မြို့နယ် (၉ ရာခိုင်နှုန်း) အထိရှိနေပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အုပ်ချုပ်ရေးခိုင်မာအောင်တည်ဆောက်လာနိုင်တဲ့နယ်မြေက ၁၃ မြို့နယ် (၄ ရာခိုင်နှုန်း) ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ နယ်မြေက ၆ မြို့နယ် (၂ ရာခိုင်နှုန်း) အထိရှိပါတယ်။
အချက်အလက်တွေအရ စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေဘက်ကအပိုင်နီးပါး ထိန်းချုပ်နိုင်တဲ့ မြို့နယ် အရေအတွက်ဟာ တနိုင်ငံလုံးအတိုင်းအတာရဲ့ ၂၈ ရာခိုင်နှုန်းရှိနေပြီး တော်လှန်ရေး အင်အားစုတွေ ဘက်က အပိုင်နီးပါးစိုးမိုးနိုင်တဲ့မြို့နယ်အရေအတွက်က ၂၅ ရာခိုင်နှုန်းအထိ ရှိလာတာဖြစ်ပါတယ်။
အပြန်အလှန်တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီထိန်းချုပ်နိုင်မှု လျော့ကျလာတဲ့နယ်မြေကတော့ ၄၈ မြို့နယ် (၁၄ ရာခိုင်နှုန်း) အထိရှိနေတယ်လို့ SAC- Myanmar အဖွဲ့က ဖော်ပြပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် D Day တနှစ်ပြည့် မိန့်ခွန်းမှာ အခုလိုပြောဆိုထားပါတယ်။
"အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ကောင်းကောင်းစိုးမိုးအုပ်ချုပ်နိုင်တာဆိုလို့ တိုင်းပြည်နယ်မြေ အကျယ်အဝန်းရဲ့ထက်ဝက်တောင်မရှိတော့ဘူးဆိုတာ ကျနော်တို့ပြည်သူလူထုကို အလေးအနက် တင်ပြလိုပါတယ်”
ကိန်းဂဏန်းတွေအရ တော်လှန်ရေးအင်အားစုတွေဘက်က အားကောင်းသလိုရှိလာတယ်ဆိုပေမယ့် မြေပြင်မှာ PDF တွေနဲ့ ပြည်သူတွေကြုံတွေ့နေရတဲ့ စားနပ်ရိက္ခာနဲ့ လက်နက်လိုအပ်ချက် အခက်အခဲတွေကို ထိန်းနိုင်ဖို့လိုအပ်နေသေးတယ်လို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတယောက်က သုံးသပ်ပါတယ်။
စစ်ကောင်စီက လက်နက်ကိုင်တော်လှန်ရေးအစောပိုင်းကာလတွေကလို PDF တွေအပေါ် ပေါ့ပေါ့တန်တန် စစ်ထိုးတာမျိုးမဟုတ်တော့ဘဲ လက်ရှိမှာ ဗျူဟာတကျ စစ်ထိုးတာမျိုး ဖြစ်လာတဲ့အတွက် ပေါ့ဆလို့မရတဲ့အခြေအနေဖြစ်တယ်လို့ သူကဆိုပါတယ်။
နိုင်ငံရေးလေ့လာသူတယောက်ဖြစ်တဲ့ ဦးသန်းစိုးနိုင်ကလည်း "ဒီနေ့ကာလမှာ သက်ဆိုင်ရာ တိုင်းရင်းသားအင်အားစုညီညွတ်ရေးဟာ အလွန်အရေးကြီးနေတဲ့ အချိန်ဖြစ်တဲ့အတွက် ဒီအချိန်မှာ KNU ပဲဖြစ်ဖြစ် KIA ပဲဖြစ်ဖြစ် ဘယ်တိုင်းရင်းသား အင်အားစုနဲ့ဖြစ်ဖြစ် ကျနော်တို့ဟာ ဒီနေ့ကာလမှာ ညီညွတ်မှုကို အထိခိုက်ခံလို့မဖြစ်ပါဘူး။ အဲဒါတွေကို NUG အနေနဲ့ ညီညွတ်ရေးကို ပိုပြီးတော့ခိုင်မာအောင်၊ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်အောင် ဆောင်ရွက်သွားလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်ဗျ” လို့ ပြောပါတယ်။
ပြီးတော့ မြန်မာပြည်တွင်း လွတ်မြောက်နယ်မြေတွေရလာပြီး တော်လှန်ရေးအစုအဖွဲ့ဘက်က အင်အားပိုကောင်းလာဖို့အတွက် နိုင်ငံတကာက ကိုယ့်ဘက်က ရပ်တည်လာအောင် ကြိုးစားရမယ်လို့လည်း ပြောပါတယ်။