မကွေးတိုင်း၊ ဆောမြို့နယ်မှာ စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ထု PDF (YRPA) ကနေ သိရပါတယ်။
ကျောက်ထု PDF (YRPA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းက “ကျောက်ထုအမြောက်တပ်နဲ့ ရွှေအောင်သာရွာဘက်က စစ်ကြောင်း ၂ ကြောင်းဟာ စက်တင်ဘာ ၆ ရက်နေ့မှာ စစ်ကြောင်းစထွက်ပြီး ကျောထုဘက်ကတဖွဲ့က မိအယ်ရွာမှာ အိပ်တယ်။ ရွှေအောင်သာကထွက်တဲ့ စစ်ကြောင်းကတော့ ကြီးကျေးရွာမှာ ညအိပ် စခန်းချခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကြီးကျေးရွာဘက်ကနေ ကျောက်ထုဘက်ကို ထွက်လာတဲ့ အင်အား ၉၀ လောက်ပါတဲ့ စစ်ေကာင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ကျောက်ထုဘက်ကို ထွက်လာတဲ့အချိန် ကျောက်ထု PDF ထောင်ထားတဲ့ မိုင်းကွင်း ၃ ကွင်းထဲ ဝင်လာလို့ ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ကျောက်ထုဘက်ကို ပြန်သွားတော့ ထမ်းစင်တစင်ပါတယ်။ သေနတ်အပို ၁၄ လက်လောက် ပါသွားသလို ကျောပိုးအိတ်အပို ၇ လုံး ပါသွားတာကို ဒေသခံတွေက မြင်တွေ့လိုက်ကြတယ်” လို့ ဗိုလ်ရန်ကင်းက ပြောပါတယ်။
ကျောက်ထုဒေသမှာ စစ်ကောင်စီဘက်က စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး ဒီနေ့ စက်တင်ဘာ ၉ ရက် မနက်ပိုင်းမှာလည်း ကျောက်ထုနဲ့ မင်းတပ်ကြားမှာ စစ်ကောင်စီ စစ်ကြောင်းတကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သတင်းတော့ မထုတ်ပြန်သေးဘူးလို့ ဆိုပါတယ်။
အဲဒီမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ကြီးကျေးရွာဒေသခံတယောက်က “စစ်(...)တွေ စစ်ကြောင်းထိုးလာတော့ မိအယ်ရွာ၊ ကြီးကျေးရွာနဲ့ လယ်ဆောကျေးရွာက ဒေသခံပြည်သူတွေဟာ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပြီး သူတို့ပြန်သွားမှ ရွာထဲကို ပြန်ဝင်ခဲ့ကြတာ။ အဲဒီစစ်(...)တွေဟာ ရွာထဲကအိမ်တွေကို စိတ်ကြိုက်မွှေနှောက်ပြီး ရွှေ ၅ ကျပ်သား၊ ငွေကျပ် သိန်း ၂၀ ကို ခိုးယူကာ တခြားအိမ်တွေကလည်း အဖိုးတန် လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို စိတ်ကြိုက်ခိုးယူပြီး အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် စားသောက်သွားကြတယ်” လို့ ပြောပါတယ်။
ဆောမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ အင်အားအလုံးအရင်း အသုံးပြုပြီး အသဲအသန် ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေ၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။