ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် ကျေးရွာရှစ်ရွာက အခြေခံလူတန်းစားတွေကို စက်တင်ဘာ ၇ ရက် မနက်ပိုင်းမှာ ဗြဟ္မဝိဟာရ ကုသိုလ်ဖြစ်ဆေးခန်းက ဆန်အပါအဝင် စားသောက်ကုန် ၉ မျိုး လှူဒါန်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကျုံပျော်မြို့နယ် အထောင်မြို့ရှိ ဗြဟ္မဝိဟာရ ကုသိုလ်ဖြစ်ဆေးခန်းကနေ လှူဒါန်းပေးတာတွေကို ကတ်ပြားနဲ့သွားထုတ်ရတယ်လို့ ရှားခဲကျေးရွာနေသူတဦးက ဒီဗွီဘီကိုပြောပါတယ်။
"ဆန် ၄ ပြည်၊ ဆီ ၃၀ သား၊ ငန်ပြာရည် ၃၀ သား၊ ကြက်သွန်နီ ၅၀ သား၊ ကြက်သွန်ဖြူ၊ ပဲကတ္တီပါ ၂ ဘူး၊ ကြက်ဥ ၆ လုံး၊ ဟင်းခတ်မှုန့်နဲ့ခေါက်ဆွဲခြောက် ၂ ထုပ် ပေးတယ်။ မရှိနေတဲ့ အချိန်ဆိုတော့ အရမ်းပျော်တာ။”
ကျေးရွာရှိ ရပ်မိရပ်ဖတွေက အမှန်တကယ်နွမ်းပါးသူတွေကိုသာ ပစွည်းထုတ်တဲ့ ကတ်ပြားပေးတာလို့ ကြက်တညင်ကျေးရွာနေသူတဦးက ပြောပါတယ်။
“အရင်ကလည်း လှူသေးတယ်၊ ဇူလိုင်လတုန်းက ဖြစ်မယ်၊ ရက်တော့အတိအကျ မသိဘူး။ အခုက အကုန်လုံး ကျပ်တည်းနေတော့ လှူပေးတဲ့သူတွေ ကျန်းမာပါစေလို့ပဲ စိတ်ထဲက ဆုတောင်းမိတယ်။”
ဗြဟ္မဝိဟာရ ကုသိုလ်ဖြစ်ဆေးခန်းက ရှားခဲ၊ ပန်းမြိုင်ကုန်း၊ ကြက်တညင်၊ ရောင်းရင်းကုန်း၊ အုန်းကုန်း၊ သိန်ကုန်း၊ မန်းကြာနဲ့ ကံကလေး စတဲ့ကျေးရွာတွေမှာ နေထိုင်တဲ့ အိမ်ထောင်စု ၁၂၅ စုကို လှူဒါန်းခဲ့တာလို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
“အထောင်မှာက နေ့တိုင်းထမင်းကျွေးတဲ့သူတွေရှိတယ်၊ ဆန်လှူတဲ့သူတွေလည်းရှိတယ်၊ အဲ့ဒါကြောင့် ကျုံပျော်အပိုင်ထဲက တကယ်အခက်အခဲဖြစ်နေတဲ့သူတွေကို ရွေးပြီး အသင်းက လှူတာ။”
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်ကလည်း ဗြဟ္မဝိဟာရ ကုသိုလ်ဖြစ်ဆေးခန်းက ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စု ၁၀၀ ကျော်ကို ဆန်၊ ဆီ၊ အပါအဝင် စားသောက်ကုန်တွေ လှူဒါန်းခဲ့ပါသေးတယ်။