ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်းက ကျောင်းဝင်းတခုအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တလုံးပျက်စီးပြီး ကျောင်းကို ယာယီပိတ်ထားလိုက်ရပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်အများစုနေတဲ့ နေရာတခုမှာ ကိုယ်ထူကိုယ်ထ ဖွင့်ထားတဲ့ ကျောင်းဝင်းအတွင်း စက်တင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းဆရာမနေအိမ် ထိခိုက်ပျက်စီးခဲ့တာပါ။
ဆရာမဟာ နေ့လယ်ပိုင်း ထမင်းစားပြီးလို့ ကျောင်းပြန်သွားချိန် လက်နက်ကြီးကျရောက်ခဲ့လို့ ထိခိုက်ဒဏ်ရာရမှု မရှိပေမဲ့ အဆိုပါကျောင်းကို ယာယီပိတ်ထားလိုက်ကြောင်း ဒေသ သတင်းရစ်မြစ်တွေက ဖော်ပြပါတယ်။
အဆိုပါဒေသမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ပြီး ၁၂၀ မမ လက်နက်ကြီးကျည် ၂ လုံးက အဆိုပါ ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
အဆိုပါကျောင်းဟာ ကြားကာလပညာရေးကို အကောင်အထည်ဖော်နေတဲ့ ပြည်သူ့အခြေပြု ကျောင်းတကျောင်းဖြစ်ပြီး ကျောင်းသား ၄၀၀ ကျော် တက်ရောက်တဲ့ကျောင်း ဖြစ်ပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်တလုံးကလွဲရင် စာသင်နေတဲ့ ကလေးနဲ့ ဆရာမတွေ ထိခိုက်မှုမရှိဘူးလို့ ဒေသ သတင်းအရ သိရပါတယ်။