Home
မြန်မာသတင်း
မြဝတီဘက်တွင် လူကုန်ကူးခံရသည့် ထိုင်းအမျိုးသမီးငယ် ၁ ဦး ပြန်လည်လွတ်မြောက်
DVB
·
September 7, 2022
301782930_778636923449198_5061235436007727721_n
305159567_393388909537405_8883796899147714281_n

ထိုင်း-မြန်မာထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ လူကုန်ကူးခံထားရတဲ့ ထိုင်းအမျိုးသမီးငယ် တစ်ယောက်ကို ထိုင်းရဲနဲ့ သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းက ဘေးအန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့တယ်လို့  မဲဆောက်မြို့ရဲမှူးကြီး မွန်းစကရောက်အွန်က ပြောပါတယ်။

လူကုန်ကူးခံရတဲ့ ထိုင်းအမျိုးသမီးဟာ  အသက် ၁၆ နှစ်သာရှိသေးပြီး  ဘူရီလန်ခရိုင်မှာနေထိုင်သူဖြစ်တယ်။ သူ့ဟာ မြဝတီမြို့နယ်ရှိ ဖျော်ဖြေရေး စားသောက်ဆိုင်တဆိုင်မှာ လစာကောင်းကောင်းနဲ့ အလုပ်ရမယ်ဆိုလို့သွားရောက်ရာက လူကုန်ကူးခံရတာလို့ ထိုင်းအမျိုးသမီးက ထွက်ဆိုပါတယ်။

စားသောက်ဆိုင်မှာတော့  အမျိုးသားအတွက် ဖျော်ဖြေပေးရတဲ့ အလုပ်လုပ်ရတာကြောင့် ထိုင်းအမျိုးသမီးက သူ့ရဲ့မိခင်ထံ အကြောင်းကြားခဲ့ရာက သူ့မိခင်က  ထိုင်းနိုင်ငံ ကလေးနဲ့ အမျိုးသမီးကူညီပေးရေးအဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။ ဒီနောက် မြန်မာ-ထိုင်းနယ်စပ် အမှတ် ၁၄ ထိုင်းစစ်တပ်မှတဆင့် မဲဆောက်မြို့ရဲမှူးကြီးထံ အကူအညီတောင်းခံတာဖြစ်ပါတယ်။

ထိုင်းရဲက မြန်မာဘက်ကို ဆက်သွယ်ဆောင်ရွက်ခဲ့ပြီးနောက် မဲဆောက်တဖက်ခြမ်း မြဝတီမြောက်ဘက်  အပန်းဖြေစခန်းတနေရာကနေ ထိုင်းအမျိုးသမီးကို ကယ်ထုတ်လာနိုင်ခဲ့ကာ သောင်ရင်းမြစ်ကိုဖြတ်ပြီး စက်လှေနဲ့ ထိုင်းဘက်ကမ်းမှာ စောင့်နေတဲ့ ထိုင်းတာဝန်ရှိသူတွေထံ မြန်မာဘက်က လာရောက်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

လွတ်မြောက်လာတဲ့ ထိုင်းအမျိုးသမီးငယ်ကိုတော့ မဲဆောက်မြို့ ရဲမှူးကြီးက စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်မှတ်တမ်းယူကာ တာခ်ခရိုင်လူကုန်ကူးတားဆီးနိမ်နှင်းရေးအဖွဲ့ထံ လွဲပြောင်းပေးအပ်လိုက်ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ အပန်းဖြေစခန်းနေရာဟာ ကာစီနိုလောင်းကစားနဲ့ အွန်လိုင်းကနေ တရားမဝင် လောင်းကစားမှုတွေနဲ့နာမည်ကြီးနေတာတဲ့နေရာဖြစ်ပြီး ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးက တရုတ်လူမျိုးတွေ၊ ထိုင်းတွေအပါအဝင် အာဖရိကန်တွေပါ လာရောက်ပြီး  တရားမဝင် မှောင်ခိုလုပ်ငန်းပေါင်းစုံ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024