ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ နန်းရာကုန်း ဧရိယာအထဲမှာ စက်တင်ဘာ ၆ ရက်မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြောက်ဦးဒေသခံတွေက ပြောပါတယ်။
မြောက်ဦးမြို့ နန်းရာကုန်း တတိယတံတိုင်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့ပြီး အနီးအနားရှိ လမ်းသွားလမ်းလာတွေကို လုံခြုံရေးတင်းကျပ်စွာ စစ်ဆေးမှုနေတာလို့ မြောက်ဦးဒေသခံတဦးက ပြောပါတယ်။
“နန်းရာကုန်း ဧရိယာမှာ ဒီနေ့မနက်ပိုင်း ၉ နာရီလောက်မှာ စစ်ကောင်စီက ဖောက်ခွဲမှု ပြုလုပ်ခဲ့တာတွေ ရှိတယ်။ ဖောက်ကွဲတဲ့ နေရာကတော့ နန်းရာကုန်းရဲ့ တတိယ တံတိုင်းဖြစ်တဲ့ လွမ်းတောင်အနီးမှာဖြစ်ပါတယ်။ မိုင်းကွဲတာလားဆိုတာတော့ မသိရသေးဘူး။ အဲဒီနေရာက မြို့လယ်ခေါင်လည်းဖြစ်ပြီးတော့ အဲဒီအနီးအနားကို လမ်းသွားလမ်းလာတွေကို စစ်တပ်နဲ့ ရဲက တင်းတင်းကျပ်ကျပ်စစ်ဆေးနေတာတွေရှိတယ်။"
မြောက်ဦးမြို့လယ်ခေါင်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စျေးဆိုင်တွေကို ပိတ်လိုက်ကြရတယ်လို့ စျေးသယ်တွေက ဆိုပါတယ်။
မြောက်ဦးမြို့ထဲမှာ စက်တင်ဘာ ၃ ရက်ညက စစ်ကောင်စီက မြို့တွင်းမှာ သေနပ်နဲ့ ပစ်ခတ်ခဲ့ပြီး မြို့မစျေးနဲ့ လမ်းခွဆုံတွေမှာ တင်းကျပ် စစ်ဆေးနေပါတယ်။
စက်တင်ဘာ ၅ ရက်ကလည်း စစ်ကောင်စီက မြောက်ဦးမြို့မစျေးမှာ ဗုံးရှိတယ်ဆိုပြီးတော့ ရှာဖွေမှုတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
မြောက်ဦးမြို့မစျေးကို စက်တင်ဘာ ၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က မီးရှို့ဖို့ ကြံစည်တဲ့လုပ်ရပ်တွေကို ကြိုးစားတဲ့ သံဿယဖြစ်ဖွယ် လုပ်ရပ်တွေကို တွေခဲ့ရတယ်လို့ စက်တင်ဘာ ၅ ရက်နေ့က ရက္ခိုင့်တပ်တော်(အေအေ)က ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တိုက်ပွဲတုတွေကို ဖန်တီးကာ မြို့တွင်းလူနေအိမ်၊ သမိုင်းဝင် စေတီပုထိုးနဲ့ ကမ္ဘာ့ယာဉ်ကျေးမှု အမွေအနှစ်ရှိရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ ဖြစ်ရပ်တွေ အကြိမ်ကြိမ်ရှိခဲ့ကြောင်းလည်း ဖော်ပြပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာအဖွဲ့အစည်း၊ နိုင်ငံတကာအသိုင်းအဝိုင်း၊ စစ်ရာဇဝတ် စောင့်ကြည့်ရေး အဖွဲ့တွေ၊ တာဝန်သိပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ အခုရက်ပိုင်းအတွင်း ရခိုင်ပြည် မြို့နယ်အသီးသီးရဲ့ မြို့ပေါ်မှာ သွားလာလှုပ်ရှားနေမှုနဲ့ လုပ်ရပ်တွေကို အထူးသတိထား စောင့်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။