မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ကျေးရွာနှစ်ရွာကို စက်တင်ဘာ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသားတယောက်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မြေတော်ကျေးရွာကို စစ်သားအင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းက မနေ့က မနက် ၉ နာရီလောက်မှာ စတင်ဝင်ရောက်ပြီး နေ့လယ် ၁၁ နာရီလောက်မှာ စတင်မီးရှို့ပြီး နေ့လယ် ၁ နာရီလောက်အထိ မီးလောင်ကျွမ်းခဲ့တယ်လို့ မြေတော်ကျေးရွာ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
”မြေတော်ရွာမှာက နဂိုက ရဲစခန်းအထိုင် ရှိတယ်ဗျ။ ပြီးခဲ့တဲ့ တလလောက်ကမှ ပြန်ရုပ်သွားတာ။ စစ်(...)တွေကတော့ မြေတော်ရွာမှာ ညအိပ်စခန်းချတယ်။ အိမ်ခြေဘယ်လောက် မီးလောင်တယ် ဆိုတာကိုတော့ စစ်(...)တွေ ရွာမှာ ရှိနေသေးလို့ အတိကျမသိရသေးဘူး” လို့ ဆိုပါတယ်။
“ကျနော်တို့ သင့်သည်ကျေးရွာကို စစ်(...)အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကြောင်းက မနေ့က မနက် ၉ နာရီလောက်မှာ ဝင်ရောက်လာတယ်။ ကိုကြည်မင်းနိုင်ကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး ရေထဲကို ပစ်ချခဲ့တယ်။ နေအိမ် ၃၀ ကျော်လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်” လို့ သင့်သည်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွာထဲကနေအိမ်တွေကို တအိမ်ဆင်း တအိမ်တက် မွှေနှောက်ပြီး အဖိုးတန် လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို ခိုးယူသလို ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုပါ ခိုးယူသွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတယ်လို့ သတင်းရရချင်းပဲ အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရသလို တောထဲက သစ်ပင်အောက်တွေမှာ ဖြစ်သလိုနေကြရပြီး အစားသောက်တွေလည်း ပါမလာကြလို့ ရှိတာလေးကိုပဲ ဝေမျှပြီး စားသောက်နေကြရတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ သြဂုတ်လ ၂၅ ရက်အထိ အိမ်ခြေ ၅၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၂၈၄၃၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။