မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာ အဝင်ထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ကို စက်တင်ဘာ ၄ ရက်နေ့က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာထိပ်မှာနေတဲ့ လုံခြုံရေးအဖွဲ့ကို ၄ ရက်နေ့ ညနေ ၆ နာရီလောက်က လာပစ်တာ၊ စစ်ကောင်စီဘက်ကလည်း ပြန်ပစ်တယ်၊ လာပစ်သူတွေကို ဖမ်းမိတယ်လို့တော့ မကြားဘူး” လို့ ဆိုပါတယ်။
ဝက်လူးမှာ လုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က စစ်ဆေးရေးတွေ ပြုလုပ်နေသလို ဖုန်းထဲမှာ တော်လှန်ရေးပို့စ်တွေ share လုပ်ထားတာ၊ စစ်ဆေးတွေ့ရှိရင် လူဖမ်း စစ်မေးတာတွေ လုပ်နေတယ်လို့ ရွာသားတစ်ဦးကလည်း ပြောပါတယ်။
ဝက်လူးရွာက စစ်ကောင်စီတပ်ကို စက်တင်ဘာ ၄ ရက် ညနေ ၆ နာရီက လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့လို့ ၃ ဦးသေပြီး အများအပြားဒဏ်ရာ ရ ရှိသွားတယ်လို့ Natogyi People Defence Force(NPDF) က စက်တင်ဘာ ၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
NPDF က အသိုက်ကိုဖျက်ရင် အသက်ကိုပြန်လုမယ့် တောကျီးကန်းစစ်ဆင်ရေးအဖြစ် စစ်ကောင်စီ လုံခြုံရေးတပ်တွေကို တိုက်ခိုက်နေပြီး အခု ဝက်လူးရွာ စစ်ဆင်ရေးဟာ ဒုတိယအကြိမ် စစ်ဆင်ရေးဖြစ်တယ်လို့ သိရပါတယ်။