Home
မြန်မာသတင်း
ကော့ကရိတ်တွင် တိုက်ပွဲဖြစ်ပွား၊ လက်နက်ကြီးကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီး
DVB
·
February 13, 2024
Kawt Ka Rait war victims_13022024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းမှာ ဖေဖော်ဝါရီ ၁၂ ရက် ည ၁၀ နာရီကစတင်ပြီး စက်ကုန်းနဲ့ ဗိုလ်ကုန်းကြား ခလရ ၉၇ အနီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲအတွင်း အမှတ် ၂ ဝင်းကြီးရပ်က နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တဲ့အပြင် နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “တိုက်ပွဲက ညတည်းကဖြစ်တာ အခုထိဖြစ်နေတုန်းပဲ။ အိမ်တွေက အခုထိ မီးလောင်နေတုန်းပဲ။ ၉၇ တပ်နဲ့ ကပ်နေပြီ။ တပ်ကပစ်ရင်းနဲ့ လောင်တာလား၊ ဒါမှမဟုတ် ဒီအတိုင်းပစ်ရင်းနဲ့ လောင်တာလား။ တောဘက်က ၉၇ နားကပ်နေပြီလေ။ လောင်တာကတော့ နေစဉ်နဲ့အမျှ လောင်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၃ ရက် မနက် ၆ နာရီလောက်က ဘားအံ-ကော့ကရိတ်သွား ကားလမ်းမဘေး ၅ တိုင်ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ခလရ ၉၇ က လှမ်းပစ်တဲ့ အလုံးကြီးတွေကြောင့် အမှတ် ၂ တောင်စွန်းမှာ နေအိမ်တော်တော်များများ မီးလောင်သွားတယ်။ မနေ့တုန်းကလည်း အထက ၁ ကျောင်းနားမှာလည်း မီးလောင်တယ်” လို့ ပြောပါတယ်။

ကော့ကရိတ်မြို့တွင်းမှာ စစ်ကောင်စီတပ်တွေက နယ်မြေတော်တော်များများကို လက်လွတ်ဆုံးရှုံးလိုက်ရတာကြောင့် အင်အားဖြည့်တင်းနေပြီး တော်လှန်ရေးအင်အားစုတွေ ဘက်ကလည်း နယ်မြေတိုးချဲ့ဖို့ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက် မနက် ၁၀ နာရီလောက်က ကော့ကရိတ်မြို့တွင်းကို စစ်ကောင်စီရဲ့ စကခ ၁၂ လက်အောက်ခံ ၃၁၃ အမြောက်တပ်နဲ့ တပ်စခန်းတွေကနေ လက်နက်ကြီး ပစ်ခတ်တာကြောင့် စိတ်ကျန်းမာရေးအားနည်းတဲ့ အမျိုးသမီးတယောက်အနီး ကျည်ကျရောက်ပေါက်ကွဲပြီး နေရာမှာတင် သေဆုံးခဲ့ရပါတယ်။

ဒီဇင်ဘာ ၁ ရက်က စတင်ပြီး ကော့ကရိတ်မြို့တွင်းမြို့ပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူ ၁ သိန်းနီးပါးဟာ စစ်ရှောင်စခန်း ၁၀၀ နီးပါးမှာ ဒီကနေ့အထိ စစ်ဘေးရှောင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024