ငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင် ကာစီနို လောင်းကစားလုပ်ငန်းတွေကို အကြွင်းမဲ့ဆန့်ကျင် တိုက်ဖျက်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟိုက ဖေဖေါ်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင်ကာစီနိုလောင်းကစားလုပ်ငန်း ရှင်းလင်းသန့်စင်မယ့် အိမ်နီးနားခြင်း နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
နယ်စပ်တလျှောက်ရှိ ငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းတွေ တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်တာပါ။
တရားမဝင် ကာစီနိုလောင်းကစား လုပ်ငန်းတွေနဲ့ ငွေလိမ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့တဲ့ စနစ်ဆိုးတွေနဲ့ အဂတိလိုက်စားမှုတွေကနေ အမြစ်တွယ်ပေါက်ဖွားလာတာဖြစ်ပြီး အစိုးရအဆက်ဆက် အဂတိလိုက်စားမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်းနဲ့ တရားဥပဒေစိုးမိုးမှုမရှိခြင်း တို့ကြောင့်ဖြစ်တယ်လို့လည်း ကေအန်ယူက ပြောပါတယ်။
စစ်ကောင်စီဟာ ငွေလိမ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ တရားမဝင် ကာစီနိုလောင်းကစား လုပ်ငန်းတွေကို တိုက်ရိုက် အကျိုးခံစားခွင့် ရရှိနေတာကြောင့် နောက်ကွယ်မှ အကာအကွယ်ပေး၊ ထောက်ခံနေပါတယ်။ ကရင်ပြည်နယ်အတွင်းရှိ ပြည်သူတွေကိုသာမက ပါဝင်ပတ်သက်နေသူ အားလုံးအတွက် လူမှုဒုက္ခမျိုးစုံနဲ့ ဒေသတွင်း မတည်ငြိမ်မှုအပြင် ကမ္ဘာ့နိုင်ငံတွေရဲ့ ငွေကြေးဆိုင်ရာ လုံခြုံရေးနဲ့ စီးပွါးရေးဆိုင်ရာ တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေတယ်လို့ ကေအန်ယူ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်ဩဟာ ငွေလိမ်ဂိုဏ်းတွေ၊ တရားမဝင် ကာစီနိုလောင်းကစား လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတွေနဲ့ ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတာဖြစ်ပြီး ငွေလိမ်ဂိုဏ်းတွေကို ပူးပေါင်း နှိမ်နင်းသွားမယ်လို့ မြန်မာစစ်ခေါင်းဆောင်က ထိုင်းစစ်ဦးစီးချုပ်နဲ့ တွေ့ဆုံ ဆွေးနွေးစဉ် ပြောကြားထားပါတယ်။