စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ တွင်းတောင်ရွာအနီးမှာ ဒီနေ့ စက်တင်ဘာ ၆ ရက် မနက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီစစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၅ ရက်နေ့က အလုံမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် စခန်းကနေ ကားသုံးစီးနဲ့ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ် ဖြစ်တယ်လို့လည်း သိရပါတယ်။
“မနေ့က နမခကနေ ဖန်းခါးကျင်းရွာ၊ လေးမြေရွာ၊ ဝန်ပိုရွာကနေ ညတွင်းကြီး စစ်ကြောင်းထိုးလာတယ်။ သူတို့လာတော့ ဒေသခံတွေ ထွက်ပြေးရတယ်။ ဒုက္ခတော့ အတော်ရောက်ပါတယ်ဗျ။ အခု မနက်ခင်းလည်း ရွာကို မီးရှို့နေကြတယ်။ နောက်ဆုံး ပြောချင်တာက ဒီစစ်ပွဲကြီး မြန်မြန်ပြီးပါစေ။ စစ်ကောင်စီကလည်း ပြည်သူတွေ မကြိုက်တာကို ဆက်မလုပ်ဘဲ ပြည်သူအာဏာကို ပြည်သူပြန်ပေးလိုက်ပါတော့လို့ ပြောချင်ပါတယ်”လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးရင်း ဒေသခံတွေရဲ့ ကျေးရွာတွေကို အခုလို မီးရှို့တာဟာ စက်တင်ဘာလအတွင်း မောင်ထောင်ရွာနဲ့ လက်ရှိ တွင်းရွာ တို့ ဖြစ်တယ်လို့ ဘုတလင်ဒေသခံတွေဆီကနေ သိရပါတယ်။
“ကျနော်တို့က သူတို့နဲ့ တိုက်ပွဲမဖြစ်ချင်လို့ ရှောင်ပေးနေတာကို ဒီကောင်တွေက ကျနော်တို့ကို စိတ်တိုအောင် ရွာတွေကို မီးရှို့ပြတယ်။ သူတို့ နမခတပ်ထဲကနေ ထွက်လာကတည်းက အင်အားဘယ်လောက်ပါတယ် ဆိုတာကို ကျနော်တို့က သိပြီးသားပါ။ မနေ့ညကလည်း ညလုံးပေါက် ဒီကောင်တွေကို ကျနော်တို့ စောင့်ကြည့်နေတယ်။ မနက်ခင်း ၅ နာရီခွဲကျတော့ တွင်းရွာကို မီးရှို့ပြီး စစ်ကြောင်းထပ်ထွက်တယ်။ အဲဒီလိုရွာကို မီးရှို့တော့ ကျနော်တို့လည်း မထူးတော့ဘူးဆိုပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ သူတို့ဘက်ကလည်း ပစ်တယ်။ ကျနော်တို့ ပစ်လိုက်တဲ့ လက်နတ်ကြီးကတော့ သူတို့နားနေတဲ့ နေရာပေါ် တည့်တည့်ကျရောက်သွားတယ်။ အထိအခိုက်ကတော့ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အောင်မြင်စွာပဲ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ဗျဝိ၊ဗျတ္တအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်နဲ့ ဖြစ်တဲ့တိုက်ပွဲမှာ ဘုတလင်ဒေသခံ ပြည်သူ့ကာကွယ်ရေး ဗျဝိ၊ ဗျတ္တအဖွဲ့၊ တောကျီးကန်းအဖွဲ့ အပါအဝင် ဒေသခံပြည်သူကာကွယ်ရေးတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။