နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီကား မဲလက်မှတ်တစောင်ကို အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်းကျော်ဖိုးထိ စံချိန်တင် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
“ချိုးဖြူငှက်တို့ ပျံသန်းစေ အမေ့သားရဲ့ မေတ္တာဆန်ရေ” လို့ အမည်ပေးထားတဲ့ ဒီပရောဂျက်ကိုတော့ ပန်ဆယ်လိုနဲ့အတူ တော်လှန်ရေးရန်ပုံငွေရှာဖွေရေးအဖွဲ့တွေက စီစဉ်ပြီး လက်မှတ်ရောင်းချရငွေ အားလုံးကို မတရားမှု တော်လှန်ဖို့နဲ့ ဘေးဒဏ်သင့် ပြည်သူတွေအတွက် အပြည့်အဝ ပြန်လည်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
ဒီပရောဂျက်ကိုဆောင်ရွက်နေတဲ့ ပန်ဆယ်လိုက “လုံးဝကို Amazing ရလဒ်ပါ။ ဆန်ရေပရော့ဂျက်ကနေ အမေရိကန်ဒေါ်လာ 1.7 သန်းကျော် Fundraise လုပ်နိုင်ခဲ့ပါတယ်။ မြန်မာပြည်အတွက် ရည်ရွယ်ဖန်တီးထားတဲ့ ကိုထိန်လင်းရဲ့ လက်ရာလေးအပေါ် ကိုထိန်လင်းက ဒေါ်လာနှစ်ထောင်၊ သုံးထောင်လောက်တော့ ဖြစ်နိုင်ပါတယ်နော်ဆိုတဲ့ မျှော်လင့်ချက်လေးကို ကိုယ်က နှစ်သိန်း၊ သုံးသိန်းထိ ဖြစ်စေရမယ်လို့ အာမခံခဲ့တယ်။ ပြည်သူက ချစ်ခြင်းမေတ္တာအားဖြင့် အမေရိကန်ဒေါ်လာ 1.7 Million အထိ မြှင့်တင်ပေးနိုင်ခဲ့တယ်။ တကယ်ကို ပီတိဖြစ်ရတဲ့ အခိုက်အတန့်ပါပဲ။ နောက်ထပ် Milestone တစ်ခုအနေနဲ့ ဂုဏ်ယူရသလို ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုနဲ့ ဒီမိသားစုလေးနဲ့ ဒီမျိုးဆက်အပေါ် ချစ်ခြင်းမေတ္တာအားကို ထုနဲ့ထည်နဲ့ မြင်တွေ့ရတဲ့အတွက် အင်မတန်ကို ကြည်နူးပျော်ရွှင်ရပါတယ်။ ကာယကံရှင်ဖြစ်တဲ့ ကိုထိန်လင်းရဲ့ ကြည်နူးမှုကို တွေးကြည့်ရင်း ပိုပျော်ရွှင်ရတယ်။”လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်
ကိုထိန်လင်းက ဒီပရောဂျက်မှာတော့ ပါဝင်ပေးကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပိုစ့်ကတ်လေး တွေ ပြုလုပ်ပြီး လက်မှတ်ရေးထိုးပေးမယ်လို့ ကြေညာထားပြီး မနက်ဖြန် စက်တင်ဘာ ၇ ရက် မြန်မာစံတော်ချိန်ည ၈ နာရီမှာတော့ ကိုထိန်လင်းကိုယ်တိုင် သစ်ထွင်းပန်းချီကံထူးရှင်ကို ရွေးချယ် ပေးသွားဖို့ရှိပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန် ကတည်းက နိုင်ငံတဝန်း ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေပြီး အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေပြီး တော်လှန်ရေး ရန်ပုံငွေတွေကိုလည်း ကမ်ပိန်းတွေအမျိုးမျိုးလုပ်ပြီး နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေနေတာဖြစ်ပါတယ်။