အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MPDF) တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေကြရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ဆိုပါတယ်။
“စစ်တပ်က ကျေးရွာတွေဘက်ကို စစ်ကြောင်းတွေထိုးတော့ ပီဒီအက်ဖ်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲကြောင့် တိမ်းရှောင်လာကြတဲ့ ပြည်သူဟာ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်။ သူတို့တွေအတွက် အဓိကလိုနေတာကတော့ စားနပ်ရိက္ခာပဲဖြစ်တယ်” လို့ ကူညီနေသူတစ်ဦးက ပြောပါတယ်။
နောင်ချိုမြို့နယ်၊ လုံခံ၊ နားခါးနဲ့ ရတနာသီင်္ဂီကျေးရွာဘက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ မိုးကုတ်-ပြင်ဦးလွင် လမ်းပိုင်းပေါ်က ဒိုးပင်ကျေးရွာဘက်ကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“တိုက်ပွဲဖြစ်ပွားနေတဲ့ ဧရိယာတွေဖြစ်တဲ့ နားခါး၊ ကြံခင်း၊ သစ်စက်၊ ရတနာသီင်္ဂီ၊ လုံခံကျေးရွာက ပြည်သူတွေဟာ ဒိုးပင်ရွာဘက်ကို ရှောင်လာကြတယ်။ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေတော့ နေရပ်ပြန်လို့ မရကြသေးဘူး”လို့ ဒေသခံတွေကဆိုပါတယ်။
တိုက်ပွဲကြောင့် တိမ်းရှောင်လာသူဦးရေဟာ ၅၂၀ ကျော်ထိရှိလာနေပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်ရှိချိန်ထိ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာကြောင့် ထိတွေ့တိုက်ခိုက်မှု တွေ ဆက်လက်ဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။