စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၄ ရက် ည ၈ နာရီလောက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာ ၄ ရွာရှိ ထောင်နဲ့ချီတဲ့ပြည်သူလူထုတွေ ညအချိန်ကြီးမှာ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ဆားတွင်းကျေးရွာ၊ ပျဉ်စုရွာ၊ ထန်းကုန်းရွာနဲ့ ကံပေါက်ရွာက ထောင်နဲ့ချီတဲ့ရွာသားတွေဟာ ညအချိန်မှာ ခြေကျင် ထွက်ပြေးကြရသူတွေရှိသလို ကားတွေ၊ ဆိုင်ကယ်တွေ၊ လှည်းနွားတွေနဲ့ပါမကျန် ထွက်ပြေးနေကြရတာဖြစ်ပါတယ်။
ဆားတွင်းကျေးရွာသားတဦးက “သူတို့က ပေါက်ကုန်းရွာ ဘုရားကုန်းတော်ပေါ်က စစ်ကြောင်းရယ်၊ ရွာသစ်ကုန်းရွာ တောင်ပေါ်က ထွက်လာတဲ့ စစ်ကြောင်းနှစ်ကြောင်းစုပြီး ကျနော်တို့ ဆားတွင်းကို နေ့လယ်ပိုင်းက ပစ်ဝင်လာတယ်။ ကျနော်တို့ကတော့ လက်ရှိရွာကနေ နေ့လယ်ကတည်းကနေ ထွက်ပြေးခဲ့တယ်။ အခုလည်း လက်နက်ကြီးတွေပစ်ပြီး စစ်ကြောင်းထိုးလာတယ်လို့ သတင်းကြားတာနဲ့ ဒေသခံတွေ ညအချိန်ကြီး ထွက်ပြေးနေကြတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့လို့ ကျည်ဆန်တွေ ဘုန်းတော်ကြီးကျောင်းအတွင်း ကျရောက်ခဲ့တယ်လို့သိရပြီး ရွာသားတွေ ထိခိုက် ဒဏ်ရာရ သေဆုံးတဲ့သတင်းကတော့ မရရှိပါဘူး။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “အခုအထိ ပစ်နေတုန်းဗျ။ သူတို့ လက်နက်ကြီးနဲ့ ပျဉ်းစုရွာဘက် သုံးလုံးပစ်တယ်။ တစ်လုံးက ဆားတွင်းရွာ ဘုန်းကြီးကျောင်း ဘုရာဘေးကျတယ်။ နောက်တစ်လုံးက ပျဉ်းစုရွာအရှေ့ဘက် ရေမြောင်းဘေးကျတယ်။ နောက်ထပ်တစ်လုံးက ပျဉ်းစုရွာကျော်ပြီ ကျသွားတယ်ဗျ။ လက်နက်ငယ်တွေနဲ့ လက်ရှိအချိန်အထိ ပစ်ခတ်နေဆဲဗျ” လို့ ပြောပါတယ်။
စစ်ဘေးရှောင်နေတဲ့ ဆားတွင်းရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိ ကံပေါက်ရွာနဲ့ ပျဉ်းစုရွာတွေကတော့ အိမ်ခြေ ၄၀၀ အထက်မှာရှိ ကျေးရွာကြီးတွေဖြစ်ပါတယ်။