ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ကဘူဒမ်းကျေးရွာမှာ စက်တင်ဘာ ၃ ရက် နေ့လည်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နေအိမ်လေးလုံး မိုးကြိုးပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတစ်ဦးက "နေ့လည် ၁၂ နာရီလောက်က မိုးတွေအရမ်းရွာပြီး မိုးကြိုးပစ်ချသွားတာ။ မိုးကြိုးပစ်ခံရတဲ့အိမ်လေးလုံးက အိမ်တိုင်တွေကြေမွသွားတယ်။ မီတာပုံး အပစ်ခံရတော့ မီးကြိုးတွေပါပျက်စီးသွားတယ် "လို့ ပြောပါတယ်။
မိုးကြိုးအပစ်ခံရတဲ့အတွက် လူနဲ့တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ လူနေအိမ်လေးလုံးရဲ့ အိမ်တိုင်ခေါင်မိုး၊ မီတာပုံးနဲ့ ဆိုလာပြားတွေလည်း ပျက်စီးဆုံးရှုံးခဲ့တာပါ။
ကချင်ပြည်နယ်မှာ မိုးကြိုးပစ်တာ မကြာခဏဖြစ်ပွားကာ သြဂုတ် ၂၆ ရက်က မိုးကောင်းမြို့မှာ ဆိုင်ကယ်အရောင်းပြခန်း မိုးကြိုးပစ်ချခံရပြီး ဆိုင်တစ်ဆိုင်လုံးမီးလောင်ဆုံးရှုံးကာ အမျိုးသမီးနှစ်ယောက် မီးလောင်ပြီးသေဆုံးခဲ့ပါသေးတယ်။