စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အုန်းပင်ဆိပ်ကျေးရွာအနီးမှာ စက်တင်ဘာ ၂ ရက်က ပစ်သတ်ခံထားရတဲ့ အမည်မသိအမျိုးသားအလောင်း နှစ်လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အုန်းပင်ဆိပ်ကျေးရွာကို ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နဲ့ ၃၀ ရက်တွေက စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး ၃ ရက်အကြာမှာ အဲ့ဒီအလောင်း နှစ်လောင်းကို အုန်းပင်ဆိပ်ကျေးရွာအနီးယာခင်းဘေးက ချောက်အတွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒေသခံတစ်ဦးက "စစ်ကောင်စီတပ်က သရက်ပင်နဲ့ ဝါးတန်းရွာဘက်ကို မီးရှို့ပြီးမှ အုန်းပင်ဆိပ်ကို စစ်ကြောင်းထိုးလာတာ။ အဲ့ဒီနေ့ကလည်း အုန်းပင်ဆိပ်နဲ့ နတ်လဘို့မြောက်ရွာကြားက တောထဲမှာ စစ်ကောင်စီတပ်ကတပ်ဖျောက်ပြီးကင်းပုန်းဝပ်နေတာတွေလည်း ရှိတယ်။ သူတို့ စစ်ကြောင်းထိုးလာလို့ ရွာက ဒေသခံတွေလည်း ပြေးကြရတယ်။ အခုတွေ့ရတဲ့ အလောင်းတွေက ပုပ်ပွနေပြီ။ ဘယ်သူဘယ်ဝါမှန်း မသိရသေးဘူး " လို့ ပြောပါတယ်။
တွေ့ရှိရတဲ့ အလောင်းနှစ်လောင်းမှာ တယောက်က အရပ်ဝတ်ဘောင်းဘီနဲ့ ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီး နောက်တယောက်ကတော့ ပုဆိုးနဲ့ ရှပ်အင်္ကျီကို ဝတ်ဆင်ထားပါတယ်။
အဲ့ဒီအလောင်းတွေရဲ့ ခန္ဓာကိုယ်နေရာအနှံ့မှာ ရိုက်နှိက်ခံထားရတဲ့ ဒဏ်ရာတွေအပါအဝင် လည်ပင်းပြတ်ရှဒဏ်ရာနဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
တွေ့ရှိရတဲ့ အထောက်ထားတွေအရ အဲ့ဒီအမျိုးသားနှစ်ယောက်ကို နှိပ်စက်ပစ်သတ်ပြီးမှ ချောက်ထဲကို ပစ်ချထားတဲ့ အနေထားဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကလည်း ကနီမြို့နယ်ရှိ ချင်းတွင်းမြစ်အတွင်းမှာ ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ အမျိုးသားအလောင်းတလောင်း မြောပါလာခဲ့ဖူးပါတယ်။