နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။
နိုင်ငံခေါင်းဆောင်တွေအပေါ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက တရား စွဲဆိုထားတဲ့အမှုအတွက် နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ စက်တင်ဘာ ၂ ရက် ဒီနေ့ ရုံးထုတ်ပြီး အခုလို အမိန့်ချလိုက်တာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက နေ သိရပါတယ်။
နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အပေါ် မလျော်သြဇာ လွှမ်းမိုးခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ရာဇတ်ကြီးပုဒ်မ ၁၃၀-က နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
“တစ်ယောက်ကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီချလိုက်တယ်။ အယူခံဆက်တက်မယ် ” လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ယခုထပ်မံချမှတ်လိုက်တဲ့ ထောင်ဒဏ် ၃ နှစ်နဲ့ဆိုပါက စုစုပေါင်း ချမှတ်ခံရတဲ့ ထောင်ဒဏ် အနှစ် ၂၀ ရှိပြီဖြစ်ပြီး နောက်ထပ် အမိန့်မချရသေးတဲ့ အမှုတွေလည်း ရှိနေပါသေးတယ်။