စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာကို ဩဂုတ် ၃၁ ရက် ည ၉ နာရီမှာ စစ်တပ်က ရေဦးမြို့ ကြာအဝိုင်းပတ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။
ခင်ဦးဒေသခံ အမျိုးသမီးတယောက်က “စ(--)တွေက ကျမတို့ မြင်းဒေါင်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ရှင်။ အဲလိုပစ်ခတ်လို့ အိမ် ၃ လုံး ပျက်စီးတယ်။ နွားတကောင် သေတယ်။ နောက်ထပ် နွား ၅ ကောင်လောက် ခြေလက်တွေကျိုးတာတွေ ဖြစ်ခဲ့တယ်ရှင့်” လို့ ပြောပါတယ်။
အဆိုပါ မြင်းဒေါင်းရွာဟာ ရေဦး-ခင်ဦး လမ်းမပေါ်မှာ တည်ရှိတဲ့ ကျေးရွာတရွာဖြစ်သလို အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ရွာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ရေဦးမြို့နယ်ဘက်ကနေ အခုလို အကြိမ်ကြိမ် ပစ်ခတ်တာကြောင့် ဒေသခံရွာသားတွေဟာ ရွာထဲမှာ မနေကြတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးနေထိုင်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၁ ရက် မနက် ၁၀ နာရီ ၂၀ မိနစ်လောက်ကလည်း ခင်ဦးမြို့ ဘူတာအရှေ့ဘက် ပန်းခြံနဲ့ ပေလမ်းကူး ကန်တော်တံတား အရှေ့ဘက်ထိပ် ၁၀ ပေလောက်မှာ ဗုံးတလုံး ရုတ်တရက်ပေါက်ကွဲကာ လူတယောက် သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “ဗုံးပေါက်တာက ဟုတ်တယ်ဗျ။ အဲဒီလိုဗုံးပေါက်ပြီး ၂၅ နှစ်အရွယ် အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိတယ်ဗျ။ အဲဒဏ်ရာရရှိတဲ့ အမျိုးသမီးကို ခင်ဦးပြည်သူ့ဆေးရုံ ပို့ဆောင်ထားရတယ်” လို့ ပြောပါတယ်။
အဲဒီပေါက်ကွဲတဲ့ဗုံးဟာ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ် ဆိုတာကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ခင်ဦးမြို့ပေါ်မှာ အခုလို ဗုံးပေါက်ကွဲလို့ ဩဂုတ် ၂၂ ရက်က အသက် ၂၀ အရွယ် လူငယ်တေယာက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြဲလိုလို ပတ်ကင်း လှည့်ကင်း ဝပ်နေတာကြောင့် လူအသွားအလာနည်းနေကြောင်း သိရပါတယ်။