ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာ အ.ထ.က(ခွဲ) ကျောင်းက ဝန်ထမ်းတွေအတွက် လစာလာထုတ်တဲ့ ကျောင်းစာရေးမတယောက် သြဂုတ် ၃၁ ရက် နေ့လယ်ပိုင်းက လစာငွေတွေ လုယက်ခံလိုက်ရတယ်လို့ ကျောင်းအုပ်ကြီးက ပြောပါတယ်။
လကုန်ရက်မှာ ဆရာ၊ ဆရာမတွေအတွက် လစာလာထုတ်တဲ့ ကျောင်းစာရေးမ ဒေါ်မိမိခိုင်ထံကနေ ဝန်ထမ်း ၂၃ ယောက်ရဲ့ လစာငွေ စုစုပေါင်း ကျပ် ၃၇ သိန်းကျော် လုယက်ခံလိုက်ရတာလို့ အ.ထ.က(ခွဲ) ကွမ်းအုံချောင်းရဲ့ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ဟိန်းက ပြောပါတယ်။
“လစာငွေတွေ လုယက်ခံလိုက်ရတာကတော့ ဟုတ်တယ်ဗျာ။ ဘယ်လို လုယက်သွားတယ် ဆိုတာတော့ ကျနော်တို့လည်း တိတိကျကျတော့ ပြောလို့မရသေးဘူး။ ကျောင်းစာရေးမက လစာထုတ်ပြီး အပြန်မှာ လုယက်ခံလိုက်ရတာဖြစ်နိုင်ပြီး လက်ရှိအခြေအနေမှာ စာရေးမမှာလည်း လုယက်ခံလိုက်ရတာကြောင့် စိတ်ဖိစီးမှုတွေကြောင့် အခြေအနေအားလုံး မမှတ်မိသလိုဖြစ်နေပြီး အကြောင်းအရာ အကုန်လုံးကိုတော့ မသိရသေးဘူး။ ဆရာ၊ ဆရာမ ၂၃ ယောက်ရဲ့ လစာငွေ သုံးဆယ့်ခုနှစ်သိန်း ကိုးထောင် လုယက်ခံလိုက်ရတာ” လို့ ပြောပါတယ်။
လက်ရှိ ငွေလုယက်ခံရမှုနဲ့ ပတ်သက်ပြီး ပညာရေးဌာနက ကျောက်တော်မြို့မရဲစခန်းမှာ အမှုဖွင့်ဖို့ ပြင်ဆင်နေပါတယ်။