Home
မြန်မာသတင်း
ကော့ကရိတ်မြို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်
DVB
·
August 31, 2022
KKRATE

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ သြဂုတ် ၃၀ ရက်ကစပြီး  ည ၆ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရတားမြစ်မိန့်  ပုဒ်မ ၁၄၄ ကို မြို့နယ်စစ်ကောင်စီအုပ်ချုပ်ရေးက ထုတ်ပြန်လိုက်ပါတယ်။

ကော့ကရိတ်မြို့မရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အခုလိုထုတ်ပြန်လိုက်တာဖြစ်ပြီး လက်ရှိတားမြစ်မိန့်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်အထိ နှစ်လ အတည်ဖြစ်တယ်လို့ ဆိုပါတယ်။

ကော့ကရိတ်မြိုခံပြည်သူတစ်ဦးက “မြို့ကလူတွေ စီးပွားရေးကအဆင်မပြေတဲ့အထဲ အခုလိုအချိန်ကန့်သတ်လိုက်တော့ ဘာလုပ်စားမလဲ။ လောင်းကစားဝိုင်းတွေကျ ကြိုက်တဲ့အချိန် သွားလို့ရတယ်။ သူတို့အဖွဲ့နဲ့တွေရင် ဂိမ်းဆိုင်လို့ပြောရင် အဆင်ပြေတယ်။ ဂိမ်းဆိုင်တွေက ငွေပေးထားတော့ သူတို့နဲ့အဆင်ပြေတယ်။ အခုရက်ပိုင်း သူခိုးတွေက ပိုသောင်းကျန်းလာတယ်။ သူခိုးက မြေလျို မိုးပျံလို့ရလား"လို့ ဆိုပါတယ်။

ကော့ကရိတ်-မြဝတီလမ်းဟောင်း(ကားလမ်းဘေး)အနီး ခရိုင်ရဲတပ်ဖွဲ့စခန်းနဲ့ မြို့တွင်းက ကော့ကရိတ်မြို့မရဲစခန်းကို ဩဂုတ် ၁၅ ရက် မနက် ၁၀ နာရီလောက်က KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်ကရဲမှူးအပါအဝင် ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သလို လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းခံခဲ့ရတာပါ။

ဒါ့အပြင် မြို့နယ်ဥပဒေအရာရှိတစ်ဦးနဲ့ ရုံးအကူတစ်ဦး ဖမ်းဆီးခံခဲ့ရပြီး တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦးကလည်း ဆေးကုသမှုခံယူရင်ထပ်မံသေးဆုံးခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက မြို့ဝင်မြို့ထွက်လမ်းအားလုံးကို ပိတ်ဆို့ထားပြီး မြို့အဝင်ကြာပန်းလမ်းတစ်လမ်းကို ဖွင့်လှစ်ပေးထားကာ အဲဒီလမ်းကို လုံခြုံရေးရယူ တင်းကျပ်စစ်ဆေးနေသလို အချိန်ကျော်လွန်ပြီး ကော့ကရိတ်မြို့တွင်း သွားလာသူတွေကို ပစ်မိန့်ပေးထားပါတယ်။

ကော့ကရိတ်မြို့တွင်းမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးအကြောင်းပြပြီး လှုပ်ရှားသွားလာနေတဲ့အတွက် ဒေသခံတွေဟာ နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

ဩဂုတ် ၁၅ ရက် KNLA ပူးပေါင်းတပ်ဖွဲ့တွေဆုတ်ခွာသွားတဲ့လမ်းကြောင်းကို စစ်ကောင်စီ အမြောက်တပ်နဲ့ သံချပ်ကားယာဉ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံ ၇ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီး အသက် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

ဩဂုတ် ၁၇ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်ဟာ ကားနှစ်စီးနဲ့ ကော့ကရိတ်မြို့အတွင်းဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်ခဲ့ရာမှာ ဆေးရုံကုန်းနဲ့ ဝင်းကြီးရပ်ကွက်ပိုင်းက လူနေအိမ်တချို့ ကျည်ထိမှန်ခဲ့ပါတယ်။

ဒါအပြင် ဩဂုတ် ၂၁ ရက်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မြဝတီမြို့ကို သွယ်တန်းထားတဲ့ ဓာတ်အားလိုင်းတာဝါတိုင်နှစ်တိုင် ထိမှန်ပျက်စီးခဲ့ပါတယ်။

လက်ရှိအချိန်အထိလည်း ကော့ကရိတ်မြို့အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်တွေအင်အားတိုးပြီး စစ်ရေးလှုပ်ရှားတာတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပါတယ်။

အခုလိုစစ်ကောင်စီက မြို့ကိုပိတ်ဆို့ပြီးလုံခြုံရေးတင်းကျပ်ထားတဲ့အပြင် သေနတ်နဲ့ လိုက်လံပစ်ခတ်နေတာတွေကြောင့် မြို့ခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်ပြီး ပြောင်းရွေ့သွားသူတွေလည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024