ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာ ကမ်းနားဈေးမှာ ဩဂုတ် ၃၁ ရက် မနက် ၉ နာရီခွဲလောက် လက်နက်ကိုင်လူတစုက သေနတ်ပစ်ဖောက်ပြီး ရွှေဆိုင် ၂ ဆိုင်ကနေ ရွှေချိန် ၂၀ ကျပ်သားကျော် ဓားပြတိုက်ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကိုင်ဆောင်ထားတဲ့ လူတစုဟာ ရွှေဂွန်းကျေးရွာတဖက်ကမ်းကနေ စက်လှေနဲ့ ကူးတိုဆိပ်ကတဆင့် ကမ်းနားဈေးကို ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ကာ သရဖူနဲ့ ထွန်းရွှေ ရွှေဆိုင်၂ ဆိုင်ကနေ ရွှေချိန် ၂၀ ကျပ်သားကျော်၊ ကာလပေါက်ဈေး သိန်း ၇၀၀ နီးပါးဖိုးကို ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ရွှေဆိုင်ဓားပြတိုက်မှုကို မျက်မြင်တွေ့ရှိသူတဦးက “လူအင်အား ၁၀ ယောက်ကျော် ရှိမယ်။ ဟိုဘက်ကမ်းကနေ စက်လှေနဲ့ရောက်လာတာ။ သေနတ်တွေကို မိုးပေါ်ထောင်ဖောက်ပြီး ရွှေတွေကို ယူဆောင်သွားတယ်။ ဆိုင်ရှင်က မင်းတို့ ဒီလောက်ယူရင် တော်ပြီပေါ့၊ ပြောတာကို ဓားပြတွေက ပါးစပ်ပိတ်ထားလို့ ပြန်ပြောတာတော့ ကြားလိုက်တယ်” လို့ ပြောပါတယ်။
အဆိုပါသေနတ်ပစ်ခတ်မှုကြောင့် ဈေးရောင်းဈေးဝယ်သူတွေဟာ ကြောက်လန့်ပြီး ထွက်ပြေးသွားကြသလို ရွှေဆိုင်ဓားပြတိုက်နေချိန်အတွင်း ရွှေဂွန်းရဲစခန်းဘက်ကနေ သေနတ်ပစ်ခတ်သံတွေ ထပ်မံကြားရပြီး လက်နက်ကိုင်လူတစုဟာ တိုက်ရာပါရွှေတွေကို ယူဆောင်ပြီးနောက် ကူးတို့ဆိပ်ကနေ စက်လှေနဲ့ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၃ ရက် ညနေ ၃ နာရီလောက်က ဘားအံမြို့ အမှတ် ၉ ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးဘေးက CB Bank ခွဲမှာ ငွေကျပ်သိန်းထောင်ကျော် ဓားပြတိုက်မှုဖြစ်ပွားခဲ့ပါတယ်။ ဇွန် ၄ ရက်နေ့မှာတော့ ဓားပြတိုက်သူတွေကို လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသမှာ စစ်ကောင်စီရဲ့ ရဲနဲ့ BGFတွေက ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် ယာဉ်မောင်းဖြစ်သူသေဆုံးပြီး ၂ ဦး ဖမ်းဆီးရမိခဲ့သလို ကျန် ၂ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
အလားတူ မတ် ၄ ရက် ညနေ ၃ နာရီလောက်က ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘောဇ (KBZ)ဘဏ်ခွဲ(၁)ကို အမည်မသိ လူ ၅ ဦးက သေနတ် ၂ ချက်ပစ်ဖောက်ပြီး ဘဏ်အတွင်းကနေ ငွေသားသိန်းထောင်ကျော်နဲ့ ဘဏ်ဝန်ထမ်းကိုင်ဆောင်တဲ့ဖုန်းကိုပါ ယူဆောင်သွားခဲ့ပါတယ်။ အဆိုပါ ဘဏ်ဓားပြတိုက်မှုကျူးလွန်သူတွေကိုတော့ ဒီနေ့အထိ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။