Home
မြန်မာသတင်း
ရေဖြူမြို့နယ်တွင် တပတ်အတွင်း သေနတ်ဖြင့်ပစ်သတ်ခံရသူ ၅ ဦးအထိရှိလာ
DVB
·
August 31, 2022
Ye Phyu Tsp

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ်မြစ်တဖက်ကမ်းက ကျေးရွာတွေ ဖြစ်တဲ့ ရလိုင်ရွာ၊ ပုဂေါဇွန်းရွာ၊ ဧကနိရွာနဲ့ နဘုလယ်ဒေသက မူးဒူးရွာတွေမှာ သြဂုတ် ၂၅ ရက် ကနေ ၃၁ ရက်အထိ တပတ်အတွင်းမှာ သေနတ်နဲ့ ပစ်သတ်ခံရသူ ၅ ယောက်အထိ ရှိနေပါတယ်။

သြဂုတ် ၂၅ ရက်နေ့မှာ ဧကနိရွာက ဦးနောင်ဘွာနဲ့ ရလိုင်ရွာက စိတ်ကျန်းမာရေးချိုတဲ့နေတဲ့ ဦးနိုင်တို့ဟာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၂၈ ရက်နဲ့ ၂၉ ရက်မှာလည်း ပုဂေါဇွန်းရွာက ဦးရဲမင်းဦးနဲ့ ဦးစောမင်းထွေးတို့ နှစ်ယောက်နဲ့ နဘုလယ်ဒေသ မူးဒူးရွာက အသက် ၆၀ အရွယ် ဒေါ်ပိုကြည် ဆိုတဲ့ အမျိုးသမီးတယောက် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

ရလိုင်ရွာက ဦးနိုင် ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ထားဝယ် ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) နဲ့ လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) တို့က ရလိုင်ရွာက စစ်တပ်ကို သတင်းပေးနေတဲ့ ဦးဝင်းတင်ကို သွားရောက်ပစ်ခတ်စဉ် ဦးနိုင်က ရောက်ရှိလာပြီး ဓားနဲ့နှောင့်ယှက်တာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပစ်သတ်လိုက်ရတဲ့အတွက် ဦးနိုင်ရဲ့ မိသားစုကို  အနူးအညွတ် တောင်းပန်ကြောင်း ထုတ်ပြန်ထားပါတယ်။

ကျန်တဲ့ ပစ်သတ်ခံရသူ လေးယောက်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ် ဆိုတာကို ထုတ်ပြန်ထားတာမျိုး မတွေ့ရပါဘူး။

ပစ်သတ်ခံရသူတွေဟာ အရပ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး ပုတ်ခတ်ပြောဆိုတာနဲ့ လောင်းကစားဝိုင်းတွေ ဦးဆောင်ပြုလုပ်သူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရေဖြူမြို့နယ်မှာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရဘဲ အခုလို သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေ ရှိလာနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024