ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားနယ်စပ်ရှိ ရက္ခိုင့်တပ်တော် (အေအေ) အထိုင်ချရာ လက်ပန်တောင်ဒေသကို သြဂုတ် ၃၀ ရက် နေလယ် ၁ နာရီခွဲမှာ စစ်ကောင်စီတပ်က ၃ ရက်မြောက်အဖြစ် လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
"ဒီနေ့ နေ့လယ် ၁ နာရီကျော်မှာ ဗုံးကြဲချနေတာ၊ ဗျူဟာကုန်းအနီးမှာ ချသလို ဝေလာတောင်ကြော တလျှောက်မှာချနေတာ။ မီးခိုးတွေ ထွက်နေတာ တွေ့နေရတယ်။ မနေ့ကလည်း စစ်တပ်က ဗောဓိအလင်းပရဟိတကျောင်းကို မီးရှို့လိုက်ကြတယ်။ မော်တော်ဆိုင်ကယ် ၄ စီးလည်း မီးရှို့တဲ့အထဲ ပါသွားပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီလေတပ်က တိုက်လေယာဥ် ၂ စီးနဲ့ သြဂုတ် ၂၇ ညနေ ၄ နာရီ မိနှစ်၂၀ ကျော်မှာ တကြိမ်၊ သြဂုတ် ၂၈ ရက်နေ့ ညနေ ၃ နာရီ ၂၀ ကျော်မှာ တကြိမ်နဲ့ ဒီနေ့ နေ့လယ် ၁ နာရီ ၂၀ မှာ တကြိမ် လာရောက်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
“ပထမ ၂ ရက်က လေယာဥ်က ခမောင်းဆိပ်ဗျူဟာကုန်းအနီးကို ဝိုင်းထားတဲ့ အေအေ တပ်ဖွဲ့တွေရှိတဲ့နေရာကို ဗုံးချတိုက်ခိုက်တာ။ ဒီနေ့မှာ ဝေလာတောင်ကြောကို ချနေတာ တွေ့ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဘင်္ဂလားနဲ့ မြန်မာ-နယ်စပ် ဝေလာတောင်ကြော လက်ပန်တောင်ဒေသမှာ အခြေချထားတဲ့ အေအေ အခြေချစခန်းကို စစ်ကောင်စီက ချေမှုန်းချင်တာကြောင့် ဝေလာတောင်ကြောကို စစ်ကောင်စီက လေကြောင်းကနေ အင်အားအလုံးအရင်းနဲ့ နေ့စဥ်ရက်ဆက် ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။တိုက်ပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်တွေ ကျလာတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက စစ်ကောင်စီ သံအမတ်ကို ဆင့်ခေါ် သတိပေးထားပါတယ်။