Home
မြန်မာသတင်း
မုံရွာတွင် စစ်ကားက ဆိုင်ကယ်အား တိုက်မှုဖြစ်ပွား၊ အငြိမ်းစားကျောင်းအုပ်ဆရာ သေဆုံး
DVB
·
August 30, 2022
303282524_178971334615764_3323412199469941978_n

မုံရွာမြို့ အလုံတိုက်နယ်ဈေးရှေ့မှာ သြဂုတ် ၂၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကားတစီး ဝင်တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ အငြိမ်းစားကျောင်းအုပ်ဆရာတဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောတယ်။

ဝင်တိုက်မိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကားဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်‌လက်အောက်ခံ နံပါတ် ၄၆၅၄ (ဒ) တပ်ဆင်ထားတဲ့ စစ်ကားဖြစ်ပြီး သေဆုံးသွားသူကတော့ မုံရွာမြို့ အလုံတိုက်နယ်မှာနေထိုင်သူ အသက် ၆၈ နှစ်အရွယ်ရှိ အ.ထ.က အငြိမ်းစားကျောင်းအုပ်ဆရာ ဦးကြည်ဝင်း ဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်ကားက အရှိန်ပြင်းပြင်းနဲ့ မောင်းလာရင်း ဝင်တိုက်တာ။ ဆရာကြီးက လူကြီးပီပီ ဆိုင်ကယ်ကို ဖြည်းဖြည်းပဲ မောင်းတတ်တဲ့ အလေ့ထရှိတယ်။ အငြိမ်းစားအထက်တန်းကျောင်းအုပ်ဆရာပါ။ အရမ်းသဘာကောင်းတာ။ အခုလို စစ်ကားဝင်တိုက်ပြီး သေဆုံးသွားပြီသိရတော့ ဆရာကြီးရဲ့ တပည့်ဖြစ်သူတွေက ခံပြင်းဒေါသထွက်နေကြတယ်”လို့ မုံရွာမြို့ဒေသခံတဦးက ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကာ အငြိမ်းစားကျောင်းအုပ်ဆရာ ဦးကြည်ဝင်းကို နမခစစ်ဆေးရုံ သယ်ဆောင်သွားကြပြီး ဆေးရုံမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်နေ့ တရက်တည်းမှာပဲ မုံရွာမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ ကားနဲ့တိုက်မိတဲ့ ယာဉ်တိုက်မှုဖြစ်စဉ် ၃ ခုရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024