အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးထဲမှ ထွက်လာတဲ့ မြို့နယ်တရားသူကြီးကား ဒီကနေ့ မွန်းတည့်မှာ ပစ်ခတ်ခံရပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိနဲ့ ပြည်သူတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရှေနေအသိုက်အဝန်းက ပြောပါတယ်။
အင်းစိန်ထောင်အတွင်း တရားခွင်စစ်ဆေးပြီး ထွက်လာတဲ့ လှည်းကူးမြို့နယ်တရားသူကြီးပါ သုံးဦး စီးလာတဲ့ကားကို လှိုင်မြစ်လမ်း အင်းစိန်ဈေးနဲ့ လဟာပြင်ဈေးကြားမှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီခွဲလောက်မှာ ပစ်ခတ်ခံရတာလို့ တရားလွှတ်တော်ရှေနေတဦးက ပြောပါတယ်။
“သူတို့ကားအနောက်ကို လိုက်လာပြီး သေနတ်နဲ့ လေး ငါးချက် ပစ်တာ မှန်တွေကွဲပြီး ဥပဒေအရာရှိ လည်ပင်းမှာရော၊ လက်မှာရော စိုက်ကုန်တာ။ အနားဖြတ်လာတဲ့ ကားတစီးက လူငယ်တဦးလည်း ထိတယ်။”
ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ ဒုမြို့နယ်ဥပဒေအရာရှိကို မင်္ဂလာဒုံစစ်ဆေးရုံနဲ့ ဦးခေါင်း ကျည်ထိဒဏ်ရာရရှိသူ လူငယ်ကိုတော့ အင်းစိန်ဆေးရုံ ပို့ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကိုပြောပါတယ်။
“ဥပဒေအရာရှိလည်း အခြေအနေမကောင်းဘူး၊ ခေါင်းထိတဲ့ လူငယ်လည်း စိုးရိမ်ရတယ်၊ အခု အင်းစိန်ကနေ မြောက်ဥက္ကလာပဆေးရုံကို လွှဲလိုက်ပြီ” လို့ ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ရဲတွေက လက်တလော ပိတ်ဆို့စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။