တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်ဒေသ အိန္ဒရာဇာကျေးရွာအုပ်စုကို သြဂုတ် ၂၉ ရက် မနက်အစောပိုင်းမှာ ရွာရဲ့ချောင်းဖျားဘက်ကနေ စစ်တပ်ကတောနင်းလာစဉ် ဥယျာဉ်ခြံ လုပ်ကိုင်တဲ့ အသက် ၅ဝ ရွာသားတဦး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “စစ်တပ်က တောလမ်းဘက်နေ ခြံတွေဘက်ကို ဝင်လာတုန်း သူက မြင်တော့ ပြေးလိုက်တာ ပစ်ခံလိုက်ရတယ်။ လက်မှာ ထိတယ်။ အခုက ရေတပ် ဆေးရုံရောက်တယ်။ ဒဏ်ရာကတော့ စိုးရိမ်ရတဲ့ အဆင့်မဟုတ်ဘူး”လို့ ပြောပါတယ်။
သြဂုတ် ၂၉ ရက်ညပိုင်းမှာလည်း ရွာရဲ့ဘုရားရှိခိုးကျောင်းမှာ စစ်သား ၄၀ လောက်ရောက်နေတယ် လို့ ရွာသားတွေက ပြောပါတယ်။
အိန္ဒရာဇာကျေးရွာဟာ ကရင်တိုင်းရင်းသားအများစုနေထိုင်တဲ့ ရွာဖြစ်ပြီး ကံပေါက် - ပေါက်ပင်ကွင်း လမ်းပိုင်းက ကျေးရွာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က အိန္ဒရာဇာကျေးရွာကို အခုလို တောနင်း ဝင်ရောက်လာတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဘာအကြောင်းကြောင့် ဝင်ရောက်ရှာဖွေတယ်ဆို တာကိုတော့ မသိရသေးပါဘူး။
သြဂုတ်လဆန်းပိုင်းမှာတော့ အိန္ဒရာဇာကျေးရွာအုပ်စုလမ်းပိုင်းမှာ MOGE ကံပေါက် သာကေတ ပိုက်လိုင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေက နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့တာရှိပါတယ်။
စစ်ကောင်စီဟာ ဇူလိုင်လနှောင်းပိုင်းကစပြီး ရေဖြူအရှေ့ဘက်ကမ်း နဲ့ အနောက်ဘက်ကမ်းက ရွာတွေကို နယ်မြေရှင်းလင်းရေးပြုလုပ်ပြီး ကျေးရွာတချို့မှာ စစ်တပ်က အခုချိန်ထိ နေရာယူထား တာကြောင့် ရွာသားတချို့ နေရပ်ကို မပြန်နိုင်ကြသေးပါ။