ရန်ကုန်တိုင်း တောင်ဒဂုံနဲ့ ကျောက်တန်းမြို့နယ်တို့မှာ ဒီနေ့မနက် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လမ်းသွားလမ်းလာပြည်သူ သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
တောင်ဒဂုံမြို့နယ် ၁၉ ရပ်ကွက် မောင်းမကန်လမ်းနဲ့ စည်ပင်လမ်းထောင့်မှာ ဒီနေ့မနက် ခြောက်နာရီခွဲက လက်လုပ်မိုင်းတလုံးပေါက်ကွဲခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ကျနော်လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း စည်ပင်လမ်းထောင့်မှာ ဗုံးပေါက်တာ၊ အဲ့မှာ သုံးဦးထိသွားတယ်။ စျေးရောင်းတဲ့ အစ်မကြီးက ဒဏ်ရာများတယ်။ ကျနော်ကူညီပေးနေတဲ့အချိန် စစ်တပ်က ရောက်လာတာ၊ လူနာတင်ကားလာတော့ စစ်ဆေးရုံပို့လိုက်တယ်။”
ဗုံးပေါက်မှုကြောင့် ကိုစိုးမိုးနိုင်၊ မအေးအေးခိုင် နဲ့ မမြင့်မြင့်မော်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူ မအေးအေးခိုင်ကို မင်္ဂလာဒုံစစ်ဆေးရုံ ပို့လိုက်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကိုပြောပါတယ်။
အလားတူ ဒီကနေ့ မနက်ခြောက်နာရီကလည်း ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
လက်တလောမှာ ဗုံးပေါက်ကွဲခဲ့တဲ့ တောင်ဒဂုံမြို့နယ်နဲ့ ကျောက်တန်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။