စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှာ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့ အပတ်စဉ် ၄ သင်တန်းဆင်းပွဲကို ဩဂုတ် ၂၇ ရက်က ကျင်းပခဲ့ကြတယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီသင်တန်းကို စစ်ကောင်စီတပ်က CDM လုပ်လာတဲ့ ဗိုလ်ကြီးတဦးက သင်ကြားပေးခဲ့တာလို့ အဖွဲ့တာဝန်ရှိသူ ကိုစွမ်းသူမောင်က ပြောပါတယ်။
“ကျနော်တို့ သင်တန်းသူ၊ သင်တန်းသားအသစ် ၁၁၇ ယောက် သင်ကြားပေးနိုင်ခဲ့တယ်ဗျ။ အမျိုးသမီး ၂၃ ဦးနဲ့ အမျိုးသား ၉၄ ဦးကို သင်ကြားပေးခဲ့တယ်။ ကျနော်တို့ ဒီသင်တန်းကို ၂၇ ရက် သင်ကြားပိုချခဲ့တာပါ။ ကျနော်တို့ အမျိုးသမီး ရဲမေတွေကို ဆေးကုသရေးကိုသင်ကြားခဲ့တယ်။ အမျိုးသားတွေကတော့ သင်တန်းကာလအတွင်းမှာ တိုက်ခိုက်ရေး၊ လက်နက်ဖြုတ်တပ်တာ၊ ပစ်ခတ်တာ၊ လက်လုပ်မိုင်းပြုလုပ်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ ညတိုက်ပွဲအတွက် ဘယ်လိုတိုက်ပွဲတိုက်ရတယ်ဆိုတာတွေ သင်ကြားပေးနိုင်ခဲ့တယ်။”
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ ပြည်သူတွေအပေါ်မှာ လက်နက်အားကိုးပြီး မတရား အနိုင်ကျင့်ဗိုလ်ကြကာ ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာကြောင့် မထူးဇာတ်ခင်းကာ တိုက်ပွဲဝင်ရင်း သေသွားမယ်ဆို တဲ့ ဆုံးဖြတ်ချက်တွေနဲ့ အခုလို သင်တန်းမှာ ပါဝင်ရတယ်လို့ သင်တန်းသားတွေက ပြောပါတယ်။