ကမ္ဘာကြီးကို ရွာတရွာဟု ဆိုကြလျှင် မြန်မာနိုင်ငံသည် ထိုရွာရှိ အိမ်ထောင်စုတခု ဖြစ်ပေမည်။ လက်ရှိအချိန်တွင် ထိုအိမ်ထောင်စုမှာ အခြားအိမ်များနှင့်မတူ။ မသာမယာ၊ ဒုက္ခဆင်းရဲအပေါင်း ခံစားနေကြရသည်။ အိမ်သားများခမျာ လူသတ်၊ ဓားပြ ရာဇဝတ်ကောင်များ၏ လက်နက်အားကိုးဖြင့် ဗိုလ်ကျ အနိုင်ကျင့်ခြင်းကို နေ့စဥ်နဲ့အမျှ ခံနေကြရသည်။ ထိုအကြောင်းများကို သူ၏ အိမ်နီးချင်းများရော ခပ်ဝေးဝေးမှ အိမ်များကပါ မသိမဟုတ် သိရှိကြသည်။
ထိုသို့ မတရားသဖြင့် ဖိနှိပ်ခံရသည့် မြန်မာပြည်သည် အကြမ်းဖက်ခံရသည့်အချိန်မှ စတင်ကာ သူ၏ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံသည်။ မိမိတို့အိမ်ကို လူသတ်၊ ဓားပြအုပ်စုက ထင်ရာစိုင်း အကြမ်းဖက်နေသည့်အကြောင်း ပတ်ဝန်းကျင်ကို မရရသည့် နည်းပေါင်းစုံဖြင့် အသိပေးသည်။ ဆင်းရဲဒုက္ခများ ခံစားနေရသည့်ကြားက သူတို့ကိုကူညီကြရန် အဆက်မပြတ် အကူအညီတောင်းခံခဲ့သည်။ ထိုအခါ ပတ်ဝန်းကျင်က မည်သို့ တုံ့ပြန်ကြပါသနည်း။
အချို့က မြန်မာပြည်သူများ၏ လက်ငင်းအခြေအနေကို ကောင်းစွာသိရှိပါကြောင်း၊ ထို့အတွက် မိမိတို့ စာနာပါကြောင်း အကြောင်းပြန်ကြသည်။ မြန်မာပြည်သူတွေ အားတင်းထားရန်၊ မြန်မာပြည်သူတွေနဲ့အတူ မိမိတို့ရှိကြောင်း အားပေးကြသည်။ တချို့ကလည်း သူတပါးအိမ်ကို ကျော်နင်းကာ သောင်းကျန်နေသော လူသတ်ဓားပြအုပ်စုကို လက်ရဲဇက်ရဲမလုပ်ဖို့ သတိပေးကြ၊ ရှုတ်ချကြသည်။ အိမ်ပိုင်ရှင် အိမ်သူအိမ်သားများနှင့် အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်နေသောအုပ်စုကို စေ့စပ်ကြဖို့ တိုက်တွန်းကြသည့် အုပ်စုကလည်း ရှိကြသေးသည်။ ခြုံငုံကြည့်ပါက မိမိတို့တွင် ကူညီနိုင်သည့် အခြေအနေများ ရှိပါလျက် နှုတ်အားဖြင့် တုံ့ပြန်ချက်များသာ ရှိခဲ့ပါသည်။ ဒါတောင် တချို့အဖွဲ့များ၏ နားလည်ရခက်သော တုံ့ပြန်ချက်များ၊ ပြုမူလုပ်ဆောင်ချက်များကို ထူးဆန်းစွာ တွေ့ရှိရသေးသည်။ ကိုယ်တိုင်က သူတော်ကောင်းတရားများကို ရွတ်ဖတ်သရဇ္စျာယ်နေသော အဖွဲ့အချို့၏ မီးစတဖက် ရေမှုတ်တဖက် တုံ့ပြန်မှုတို့ပဲဖြစ်သည်။ ထိုသို့သော အဖြစ်အပျက်တချို့ ဒီရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ပေသည်။
ကုလ၏ ပညာရေးညီလာခံဖိတ်စာ
သြဂုတ်လ ၁၁ ရက်နေ့က လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ Save the Children အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့က အကြမ်းဖက်စစ်ကောင်စီထံ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့သည်။ မြန်မာနိုင်ငံမှ ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်နှင့် ပတ်သက်သည့် နိုင်ငံတကာညီလာခံကို တက်ရောက်ရန် အကြမ်းဖက်စစ်ကောင်စီကို ဖိတ်ကြားခဲ့သည်။ အကြမ်းဖက် စစ်ခေါင်းဆောင်နှင့် ကြံရာပါ ဝဏ္ဏမောင်လွင်ကို လိပ်မူကာ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ထိုစာထဲတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဝန်ကြီးချုပ်အဖြစ်၊ ဝဏ္ဏမောင်လွင်ကို မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဖော်ပြခဲ့သလို ဂုဏ်သရေရှိ လူကြီးမင်းဆိုကာ သုံးနှုန်းထားပေသေးသည်။ ဒီလောက် လူထောင်ချီသတ်၊ အိမ်သောင်းချီ သိန်းချီ မီးရှို့ပြီး တနိုင်ငံလုံး ဒုက္ခပင်လယ်ဝေအောင် ပြုလုပ်နေသူများကို ဖိတ်ကြားခြင်းသည် လည်းကောင်း၊ ယခုလို စကားလုံး သုံးနှုန်းခြင်းသည်လည်းကောင်း အင်မတန် အံဩဖွယ် ကောင်းလှပေသည်။ ပြီးတော့ မြန်မာပြည်သူတွေကို စော်ကားလိုက်ခြင်းလည်းဖြစ်သည်။ တကယ်ဆို အကြမ်းဖက်သမားကို အကြမ်းဖက်သမားလို့ ရှုတ်ချရမည့်အစား သူတော်ကောင်းသဖွယ် အရေးတယူ ပြုနေသည်မှာ အင်မတန် သိမ်ဖျင်းယုတ်ညံ့လှပေသည်။ ဒါတောင် သူတို့ကိုယ်သူတို့ လူ့အခွင့်အရေးဆိုကာ ခေါင်းစဉ်တပ်ထားကြသေးသည်။
အလုပ်မဖြစ်တဲ့ UN
ကမ္ဘာကြီးကို ရွာတရွာနှင့် နှိုင်းယှဥ်ကြပြီးပြီဆိုလျှင် ထိုရွာရှိ သာရေး၊ နာရေး၊ လူမှုရေးကိစ္စ အဝဝတို့ကို စီမံဆောင်ရွက်နိုင်သည့်အဖွဲ့လည်း ထားရှိရဦးမည်။ ယင်းမှာ တခြားမဟုတ်။ ကုလသမဂ္ဂဆိုသည့် နိုင်ငံတကာ အဖွဲ့အစည်းကြီးဖြစ်သည်။ ထိုအဖွဲ့အစည်းကြီးသည် ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ရှေးရှုကာ သာယာဝပြောသော လူ့ဘောင်တခုကို ရည်မျှော်သည်ဟု ဆိုသည်။ ထို့အတွက်ကြောင့် ကုလသမဂ္ဂသည် မြန်မာပြည်သူတွေအတွက် မျှော်လင့်စရာ ဖြစ်ခဲ့သည်။
သို့သော် လက်တွေ့မှာတော့ မြန်မာပြည်သူတွေအတွက် ထိုသို့မဟုတ်။ အာဏာသိမ်းပြီးကတည်းက ယနေ့အချိန်ထိ ဘာမှ ထိထိရောက်ရောက် မစွမ်းဆောင်နိုင်ဘဲ ကြေညာချက်ထုတ်သည့်အဖွဲ့သာ ဖြစ်ခဲ့ပါသည်။ သို့သော် ပြီးခဲ့သည့်အပတ်ကတော့ ကုလသမဂ္ဂသည် သူ၏ ယခင်ရှိရင်းစွဲ ကြေညာချက်ထုတ်သည့်အဆင့်မှ တဆင့်နိမ့်ကာ အကြမ်းဖက်လော်ဘီများ ဖြစ်သွားပြီလားဟု သံသယဝင်မိလိုက်ပါသည်။ ဘာကြောင့်ပါလဲ။
သြဂုတ် ၁၆ မှ ၁၇ ရက်အထိ ကုလအထူးသံ နိုလင်းဟေဇာ မြန်မာပြည်ကို ရောက်ရှိလာကာ စစ်ကောင်စီနှင့် လာရောက်တွေ့ဆုံခဲ့သောကြောင့်ဖြစ်သည်။ ၂၀၂၂ ဇန်နဝါရီတွင် စင်ကာပူအခြေစိုက် CNA နှင့် အင်တာဗျူးစဉ်က 'စစ်တပ်နဲ့အာဏာခွဲဝေဖို့’ ပြောဆိုခဲ့ဖူးသူ မစ္စ နိုလင်းဟေဇာတယောက် အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရန်၊ လူသားချင်းစာနာမှု အကူအညီတွေရရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် စသည့် ရည်ရွယ်ချက်ပေါင်း များစွာအတွက် စစ်ရာဇဝတ်ခေါင်းဆောင်နှင့်တကွ အခြားသော ကြံရာပါများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ဘုရားလာဟောတောင် တရားမရမည့် စစ်မိစ္ဆာတွေကို တကူးတက လာရောက် တွေ့ဆုံကာ တရားချလို့ရမည် ထင်လေသလော မသိ။ စစ်မိစ္ဆာများ နားလည်သော ဘာသာစကားမှာ တွေ့ဆုံဆွေးနွေးရေးမဟုတ်၊ အနိုင်တိုက် အမြစ်ဖြုတ်ရေး ဆိုတာကို မြန်မာပြည်ရှိ ကလေးကအစ သိရှိနေကြပေသည်။ ကုလအထူးသံ မစ္စနိုလင်းဟေဇာ တယောက်သာ မသိရှိလေသလော။ ဒါ့အပြင် NUG သာ ငါတို့ရဲ့အစိုးရ၊ NUG ကို တရားဝင် အသိအမှတ်ပြုပါဆိုပြီး အဖမ်းဆီးခံ၊ အပစ်သတ်ခံကာ အမျိုးမျိုး ဆန္ဒဖော်ထုတ်နေသော ပြည်သူတွေကိုမှ မထောက်။ အခြားတဖက်မှာတော့ ပြည်သူ့အစိုးရ NUG ကို တရားဝင် အသိအမှတ်ပြုဖို့၊ တရားဝင်တွေ့ဆုံပြီး အကူအညီတွေ ပေးဖို့ကြတော့ သူတို့ခမျာ ဝန်လေးနေကြဟန် တူသည်။ အရိုးများသလေး၊ ချေးခါးသလေးနဲ့ နေ့ရွှေ့ညရွှေ့ အချိန်ဆွဲနေပေသည်။ အစိမ်းရောင် ထမိန်ကို ဝတ်ထားသော မစ္စနိုလင်းဟေဇာတယောက် စစ်ခေါင်းဆောင်တသိုက်၏ သွေးစွန်းလက်များကို ဆွဲကိုင်နှုတ်ဆက်ရင်း ပြုံးပျော်နေကြပုံကို မြင်တွေ့ရသည့်အခါ သူတော်ကောင်းတရားများကို ရွတ်ဖတ်သရဇ္စျာယ်နေသော ကုလသမဂ္ဂသည် မြန်မာပြည်သူတွေအတွက် ကြေညာချက်ထုတ်နေကျအဆင့်မှ လျှောကျကာ စစ်ရာဇဝတ်ကောင်များအတွက် လော်ဘီအသင်းကြီးများ ဖြစ်သွားပြီလားဟု မြန်မာနိုင်ငံသားတယောက် အနေဖြင့် အထူးစိုးရိမ်မိသွားခဲ့ပါသည်။
ကုလအငယ်စား
ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့ကလည်း အာဆီယံအဖွဲ့၏ လက်ရှိဥက္ကဋ္ဌက ဒေသတွင်း လုံခြုံရေးဆိုင်ရာ အစည်းအဝေးတခုအတွက် စစ်ရာဇဝတ်ကောင်တွေကို ဖိတ်ကြားခဲ့ပေသေးသည်။ ထိုစာက တရားဝင်ထွက်လာတာမျိုးတော့ မဟုတ်ဟု သိရသည်။ လျှို့ဝှက်စာအနေနဲ့ ပေါက်ကြားလာတာဖြစ်သည်။ စင်စစ် အာဆီယံဆိုတာ ခပ်ဝေးဝေးကမဟုတ်။ ဒုက္ခပင်လယ်ဝေကာ အကြမ်းဖက်ခံနေရသော မြန်မာနိုင်ငံ၏ အိမ်နီးချင်းလည်းဖြစ်သည်။ ပြဿနာတခုဖြစ်လျှင် ခပ်ဝေးဝေးကလူတွေထက် အိမ်နီးချင်းများ လာရောက်ကူညီပေးလျှင် ပို၍လျှင်မြန်သည် မဟုတ်ပါလား။ ထိုနည်းတူ အာဆီယံအဖွဲ့အနေနဲ့ မြန်မာပြည်သူတွေကို တကယ်ကူညီချင်ရင် ကူညီနိုင်သည်။ အဖွဲ့အစည်းအနေနဲ့ မဟုတ်တောင် အဖွဲ့ဝင် တနိုင်ငံချင်းက ကူညီနိုင်သည်။ ရိုးရိုးကူညီတာမဟုတ်။ ထိထိရောက်ရောက် ကူညီနိုင်ပါသည်။ ယခုတော့ ထိုသို့မဟုတ်။ မကူညီသည့်အပြင် အကြမ်းဖက်စစ်ကောင်စီကိုပင် အခါအခွင့်သင့်တိုင်း လူရာသွင်းကာ ထိတွေ့ဆက်ဆံနေတာပဲဖြစ်သည်။ တကယ်တော့ ဒီ အာဆီယံအသင်း၏ လာရာနှင့်လားရာကို မြန်မာပြည်သူတွေအဖို့ စောဖေတို့ နောကျေနေပါပြီ။ ကုလသမဂ္ဂအငယ်စားလေးပဲ မဟုတ်ပါလား။
ကမ္ဘာကြီးကို ရွာကြီးတရွာဟုဆိုကြလျှင် မြန်မာနိုင်ငံသည်လည်း ထိုရွာရှိ အိမ်ထောင်စုတခု ဖြစ်ပေမည်။ လက်ရှိအချိန်တွင် ထိုအိမ်ထောင်စုသည် အခြားသောအိမ်သူများနှင့်မတူ၊ မသာမယာနှင့် ဒုက္ခဆင်းရဲ ကြုံတွေ့နေရသည်။ အိမ်သားများသည် လူသတ်၊ ဓားပြ ရာဇဝတ်ကောင်များ၏ လက်နက်အားကိုးဖြင့် ဗိုလ်ကျအနိုင်ကျင့်ခြင်းကို နေ့စဥ်နဲ့အမျှ ခံနေကြရသည်။ ဒီအကြောင်း သူ၏ အိမ်နီးချင်းများရော ခပ်ဝေးဝေးမှ အိမ်များကပါ မသိမဟုတ် သိရှိကြသည်။ ဝဇီကံမြောက် ကူညီတာကလွဲလို့ ကျန်တာ ဘာမှပြုလုပ်မပေးကြ။ မသိကျိုးကျွံ ပြုထားကြပေသည်။
စိတ်မကောင်းသည့်တိုင် အမှန်တရားပဲဖြစ်သည်။ လွတ်လပ်မှု၊ တရားမျှတမှုတို့အတွက် တိုက်ပွဲဝင်ရာတွင် မတရားသဖြင့် ခံနေရသော မြန်မာပြည်သူတွေအတွက် ဘယ်သူမှ ကာယကံမြောက် မကူညီကြ။ ကမ္ဘာကြီးက ရွာကြီးတရွာ ဆိုသည်မှာလည်း မျက်နှာကြီးရာ ဟင်းဖတ်ပါသည့် ကိုယ်ကျိုးပဓာန ရွာကြီးအဖြစ်သာ ရှိနေတုန်းပဲဖြစ်သည်။ သို့နှင့်အမျှ လွတ်မြောက်ရေးတိုက်ပွဲအတွက် မိမိတို့ပြည်သူကလွဲလို့ ဘယ်သူမှမရှိ။ မိမိတို့အချင်းချင်း စည်းလုံးညီညွတ်စွာ ဇွဲသတ္တိရှိရှိ တိုက်ပွဲဝင်မှသာ ဖြစ်တော့မည့်အကြောင်းသည် တနေ့ထက်တနေ့ ထင်ရှားလို့ လာပေတော့သည်။
တင်ဦး