စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်၊ ရွှေဘို - မန္တလေးလမ်းပိုင်းက စိုင်နိုင်ကွေ့နားမှာ ဩဂုတ် ၂၇ ရက် ညနေ ၃ နာရီလောက်က စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
စစ်ယာဉ်တန်းဟာ စစ်ကိုင်းကနေ ရွှေဘိုဘက်ကို ဦးတည်ထွက်ခွာလာတာဖြစ်ပြီးမိုင်းဆွဲ တိုက်ခိုက်တာကြောင့် Faw ကား တစီးထိမှန်ကာ စစ်သား ၆ ယောက်ထက်မနည်း သေဆုံးနိုင်တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၂၃ ( Shwebo District Battalion 23 ) က ထုတ်ပြန်ထားပါတယ်။
ရွှေဘိုခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူတယောက်က "ကြိုတင်ပြင်ဆင်ထားတဲ့ပွိုင့်မှာစကစတပ်ဖွဲ့ Faw ကား တစီးကို ထိထိမိမိ မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့တယ်။ ကားလည်း ပျက်စီးသွားတယ်လို့ သိရတယ်။ ရန်သူသေဆုံးမှုက ၆ ယောက်အထက်မှာပဲ ရှိမယ်။ ဒဏ်ရာရသွားသူတွေလည်းရှိတယ်။ မဟာမိတ်တပ်ဖွဲ့တွေကတော့ အထိခိုက်မရှိခဲ့ပါဘူး" လို့ ပြောပါတယ်။
မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီတပ်တွေ သေဆုံးဒဏ်ရာရတဲ့ အရေအတွက်အတိအကျကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၂၃၊ Shwebo Defence Force(SBDF)၊ ရွှေဂျိုးဖြူ ပြောက်ကျားတပ်ဖွဲ့နဲ့ Myanmar Defence Force (MDF Shwebo)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြည်သူတွေအနေနဲ့ မန္တလေး - မြစ်ကြီးနားလမ်းကို အသုံးပြုမယ်ဆိုရင် ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပေးကြဖို့နဲ့ ရွှေဘို - မန္တလေးလမ်းပိုင်းကို ည ၉ နာရီမှ မနက် ၅ နာရီအတွင်း မဖြတ်သန်းကြဖို့ကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေး ထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၁၂ ရက်ကလည်း ရွှေဘို - မန္တလေးလမ်းရှိ စိုင်နိုင်ကွေ့နဲ့ သားနားကျေးရွာကြားမှာ စစ်ယာဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပဒေသာမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။