စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ကုန်းစည်းကျေးရွာကို ဩဂုတ် ၂၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က မီးရှို့သွားခဲ့တာကြောင့် လူနေအိမ် ၆၀ ခန့် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၈၀ ကျော်ပါ စစ်ကြောင်းဟာ ဩဂုတ် ၂၅ ရက်နေ့က ကုန်းစည်းကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး နောက်ရက်မနက် ရွာကနေ ပြန်လည်ထွက်ခွာခါနီး မီးရှို့သွားခဲ့တာလို့ ဆိုပါတယ်။
"စစ်ကောင်စီတပ် စဝင်လာကတည်းက ရွာကလူတွေ အကုန်ပြေးရတာပဲ။ ညအိပ်တပ်စွဲပြီး ရွာဘုန်းကြီးကျောင်းထဲက စားနပ်ရိက္ခာအပါဝင် ပစ္စည်းတွေလည်း ဖျက်ဆီးသွားတယ်။ ရွာထဲအိမ်တွေက ပစ္စည်းတွေလည်း ရိုက်ဖျက်ဆီးသွားတာ။ ပြန်အထွက်မှာတော့ အိမ်တွေကို မီးရှို့သွားကြတာပါ။ နောက်ပြီး ရွာသားတချို့ကို ဓားစာခံအဖြစ်နဲ့ ခေါ်ဆောင်သွားပါသေးတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့တာကြောင့် ကုန်းစည်းကျေးရွာ (ရွာမ) ရှိ စာကြည့်တိုက်အပါဝင် လူနေအိမ် ၄၂ လုံး နဲ့ အရှေ့ကုန်းစည်းရွာရှိ လူနေအိမ် ၁၇ တို့ ဆုံးရှုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း ကုန်းစည်းကျေးရွာကို တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ခဲ့တာကြောင့် ကျေးရွာရှိ နေအိမ် ၁၀ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။
ကုန်းစည်းကျေးရွာဟာ လူနေအိမ်ခြေ ၃၀၀ ခန့်ရှိပြီး ကျွန်းလှမြို့နဲ့ ၁၅ မိုင်ခန့် ကွာဝေးတယ်လို့ သိရပါတယ်။