ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့နယ်ထဲမှာ ဩဂုတ် ၂၄ ရက်ညက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ၂၇ ဦးဒဏ်ရာရခဲ့တယ်လို့ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။
မနေ့ည ၉ နာရီလောက်က တန့်ယန်းမြို့နယ်၊ နမ့်ဟူလွယ်ကာအုပ်စု၊ နမ့်ပွန်းရွာနဲ့ နားဟွေရွာကြားမှာ ကားမှောက်ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း အကူအညီ တောင်းလာတဲ့အတွက် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ အရန်မီးသတ်ဌာန နဲ့ တန့်ယန်းလူငယ် သာရေးနာရေးအသင်းက အဖွဲ့ဝင်တွေ သွားရောက်ကူညီပြီး တန့်ယန်းဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူထဲမှာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၂ ဦးပါဝင်ပြီး အဲဒီထဲက ၅ ယောက်မှာ ဒဏ်ရာပြင်းထန်တာကြောင့် တန့်ယန့်ဆေးရုံမှ လားရှိုးဆေးရုံကြီးကို ညတွင်းချင်းလိုက်လံပို့ ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ်အသေးစိတ်အချက်အလက်တွေသိရဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။