ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ကုန်တိုက်ထဲရပ်ထားတဲ့ ဆိုင်ကယ်ကို ခိုးယူသွားတဲ့ မြန်မာလူငယ်တယောက် ဖမ်းဆီးခံရတယ်လို့ မဲဆောက်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
မဲဆောက်မြို့လယ်ကောင် မြူနီစီပါယ်ဧရိယာရှိ ကုန်တိုက်ကြီးထဲမှာ ရပ်ထားတဲ့ ဆိုင်ကယ် ၁ စီး ပျောက်ဆုံးသွားကြောင်း တိုင်ကြားချက်ရတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ပေးပြီး မြို့တွင်းအနှံ့ လိုက်လံရှာဖွေစေခဲ့တယ်လို့ မဲဆောက်မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူး မွန်းဆဒ်ကယောက်အွန်က ပြောပါတယ်။
နောက်တော့ စီစီတီဗွီကင်မရာတခုထဲကနေ အဆိုပါဆိုင်ကယ်နဲ့ မောင်းနှင်သူကိုပါ တွေ့ရှိပြီး လိုက်လံစုံစမ်းရှာဖွေရာ မနေ့ ည ၉ နာရီခွဲလောက်မှာ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်ခိုးသွားသူမှာ အသက် ၂၁ နှစ်အရွယ် အာလစ်ဆိုသူ မြန်မာနိုင်ငံသားတယောက် ဖြစ်ပြီး သူကိုယ်တိုင်ကလည်း ဆိုင်ကယ်ခိုးမိကြောင်း ဝန်ခံတာကြောင့် ဥပဒေအရ ဆက်လက်အရေးယူဖို့ မဲဆောက် စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ထံ အပ်နှံလိုက်တယ်လို့ ဆိုပါတယ်။