Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ သတ်ထားသည့် ရုပ်အလောင်းအချို့တွေ့ရှိ
DVB
·
August 23, 2022
300868967_3072275959661626_8352615859764678817_n

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ သတ်ဖြတ်ထားတဲ့ ဒေသခံရုပ်အလောင်း ၆ လောင်းနဲ့ ပြင်ပဒဏ်ရာမရှိဘဲ နေအိမ်အတွင်း သေဆုံးနေတဲ့ အလောင်း ၁ လောင်း တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကပိုင်ကျေးရွာအတွင်း တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့က အခုလို သတ်ဖြတ်ခဲ့တာဖြစ်ပြီး ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦ ၂၅၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

သြဂုတ် ၂၀ ရက် ညနေပိုင်းက ကပိုင်ကျေးရွာအနီးမှာ ဒေသခံရုပ်အလောင်း ၅ လောင်း တွေ့ရှိခဲ့ပြီး အဲဒီအထဲမှာ လေဖြတ်ရောဂါခံစားနေရတဲ့ အသက် ၇၀ ကျော်အဘိုးအိုတဦးလည်း ပါဝင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ ကပိုင်ကျေးရွာအတွင်းကနေ သြဂုတ် ၂၀ ရက်နေ့က စတင်ထွက်ခွာသွားခဲ့ပြီး ကြပ်ကျေးရွာနဲ့ သလောက်၊ ဝင်းကုန်းကျေးရွာတွေဘက်ကို ဆက်လက်စစ်ကြောင်းထိုးရာမှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ PDF ရဲဘော်တဦးက ပြောပါတယ်။

သြဂုတ် ၂၂ ရက်နေ့မှာတော့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ဝင်းကုန်းကျေးရွာဘက်ကနေ ထွက်ခွာသွားပြီးနောက် ဒေသခံတွေ ကျေးရွာတွေကိုပြန်လာခဲ့ပြီး လှည့်လည်ကြည့်ရှုစဉ် သေဆုံးနေတဲ့ ရုပ်အလောင်း ၂ ခု ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အသက် ၆၀ ဝန်းကျင်အရွယ် ကြပ်ကျေးရွာက ဦးတိုက်ရှန်နဲ့ ဝင်းကုန်းကျေးရွာက ဦးချစ်ဝင်း တို့ဖြစ်ပြီး ဦးတိုက်ရှန်ရဲ့ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာမတွေ့ရဘဲ လက်နက်သံတွေကြောင့် ထိတ်လန့်သေဆုံးတာဖြစ်နိုင်ကြောင်း၊ ဦးချစ်ဝင်းကတော့ စစ်ကောင်စီတပ်ရဲ့ ပစ်သတ်ခံခဲ့ရပြီး ရွှေငွေပစ္စည်းတွေလည်း ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတွေကို ရက်အတော်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့  ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ လက်ရှိမှာတော့ ကနီမြိုနယ်ဘက် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024