ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်က အမှတ် ၁၈ ရပ်ကွက်က ရာအိမ်မှူး တယောက်ကို ဒီနေ့မနက်ပိုင်းမှာ အမည်မသိ သေနတ်သမားတွေက ပစ်သတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇနီးဖြစ်သူနဲ့ အမှတ် ၁၈ ရပ်ကွက်၊ မာလာလမ်းက လက်ဖက်ရည်ဆိုင်ထိုင်ပြီး ပြန်လာတဲ့ ရာအိမ်မှူး ဦးတင်အောင်ကို ဒီမနက် ၁၀ နာရီလောက် လူငယ် သုံးယောက်က သေနတ်နဲ့ ပစ်သွားတာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"သူ အိမ်နားအရောက် လမ်းလျှောက်လာတဲ့ လူငယ် ၃ ဦးက ပစ်သွားတာ။ သေနတ်နဲ့ လေးချက် ပစ်သွားတာ။ ပွဲချင်းပြီး သေတယ်။"
ရာအိမ်မှူး ဦးတင်အောင်ဟာ ပြည်ခိုင်ဖြိုးပါတီဝင် တယောက်လည်းဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"သေနတ်နဲ့ လေးချက်ပစ်တာ သုံးချက်ထိပြီး အခင်းဖြစ်နေရာမှာ သေသွားတာ။ အခုသူ့ကို ရင်ခွဲရုံ ပို့ထားတယ်။"
ပစ်ခတ်ခံရမှုမှာ ရာအိမ်မှူးရဲ့ ဇနီးကတော့ ထိခိုက်ဒဏ်ရာရတာ မရှိကြောင်း၊ ပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်တပ်က အမှတ် ၁၈ ရပ်ကွက် မာလာလမ်းနေသူတွေကို မေးမြန်း စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
မနေ့ကလည်း တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးအပါအဝင် ခြောက်ယောက် သေဆုံးကာ ရာအိမ်မှူး တယောက် ဒဏ်ရာ ရခဲ့ပါတယ်။