ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့ ထီးတော်ကူးရွာ နဲ့ထီးပေါ်ဆို ရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ လွိုင်ကော် PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ လွိုင်ကော် PDF က ထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၂၁ ရက်နေ့ ညနေက ဖရူဆိုမြို့နယ် ထီးတော်ကူးရွာနဲ့ ထီးပေါ်ဆိုရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို လွိုင်ကော် PDF နဲ့အတူ KA၊ KNDF၊ အလယ်ပိုင်းဒေသ အထူးစစ်ဆင်ရေးအဖွဲ့၊ အလယ်ပိုင်းတိုင်း တပ်ရင်း ၁၁၀၁ တို့မှ ပူးပေါင်းပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခုခံတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်က ထိခိုက်ဆုံးရှုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု စာရင်းအတိအကျကို အတည်မပြုသေးဘဲ လွိုင်ကော် PDF မှ ရဲဘော် ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး လက်ရှိအချိန်မှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ကယား(ကရင်နီ) ပြည်နယ်တွင်း စစ်ကောင်စီတပ်မ ၅၅၊ ၆၆၊ ၇၇ စတဲ့ တပ်တွေ အင်အားအလုံးအရင်း ဖြည့်တင်းကာ ဖရူဆိုမြို့နယ်အတွင်း ထိုးစစ်ဆင်နေတာကြောင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။