မြန်မာ-ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးစခန်း တခုဖြစ်တဲ့ မောင်တောနယ်စပ်ကုန်သွယ်ခွင့်ကို စစ်ကောင်စီလက်အောက်ခံ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်ရမှ ဆောင်ရွက်နိုင်တယ်လို့ မောင်တောမြို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
မောင်တောနယ်စပ်ကုန်သွယ်ရေး မရပ်တန့်စေဖို့ ဩဂုတ် ၁၄ ရက်က အငူမော်မှာပိတ်မိနေတဲ့ ကုန်တင်ယာဉ်တွေကို စစ်တွေမှ ဘူးသီးတောင်သို့ ဩဂုတ် ၂၀ ရက်မှာ သွားခွင့်ပြုလိုက်ပေမဲ့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်ပါမှသာ မောင်တောမြို့ကို ကုန်သွယ်နိုင်မယ်လို့ မောင်တောမြို့ ကုန်သည်တဦးက ပြောပါတယ်။
"မောင်တောနယ်စပ်ကုန်သွယ်မှု မပြတ်လပ်ဖို့ ဒီနေ့ ငါးမြစ်ချင်းကား ၈ စီး နဲ့ တခြား ကုန်ကား ၅ စီး ကို စစ်တွေကနေ ဘူးသီးတောင်ကို လာခွင့် စစ်ကောင်စီက ခွင့်ပြုလိုက်တယ်။ အဲဒီအထဲမှာ အငူမော်မှာပိတ်မိနေတဲ့ ကားတွေ အားလုံးပါလာတယ်။ ဒါပေမယ့် ဘူးသီးတောင်ကနေ မောင်တောကို သယ်ယူဖို့က မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ခွင်ပြုချက်မရှိရင် ကုန်သွယ်ခွင့် မရဘူး။”
သြဂုတ် ၁၃ ရက်က စစ်ကောင်စီနဲ့ အေအေတို့ မောင်တော-အငူမော်ကားလမ်းမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီးနောက် သြဂုတ် ၁၄ ရက်က စပြီး စစ်တွေ-ရေချမ်းပြင်-အငူမော်-မောင်တော လမ်းကို ရက်အကန့်အသတ် မရှိ ပိတ်လိုက်တာပါ။
အဲဒီကမှ ဒီနေ့မှာ ဘူးသီးတောင်မှ မောင်တောကို ကုန်ကားတွေ သွားလာခွင့်ပြုရာမှာ ကားနံပတ်၊ ကုန်စည်အမည်၊ ကားပိုင်ရှင်အမည်၊ ယာဉ်မောင်းအမည်နဲ့ လိုင်စင်နံပတ်တွေကို စာရင်း ဖြည့်သွင်းပြီး မောင်တောခရိုင်အုပ်ချုပ်ရေးမှူးထံ လျှောက်ထားခွင့်ပြုချက်ယူရမယ်လို့ ခရိုင်ကောင်စီဝင်တာဝန်ရှိသူတွေက ပြောပါတယ်။
ခရိုင်ကောင်စီဝင် ဦးအောင်မြင့်သိန်းက "ကားတစ်စီးက ဘူသီးတောင်ကို ရောက်ရင် မောင်တောကို ရောက်ဖို့ ကားနံပါတ်၊ ကားမှာပါလာတဲ့ ကုန်ပစ္စည်းအမည်တွေနဲ ကားဒရိုင်ဘာအမည်တွေနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးဆီ လျှောက်ထားရမယ်။ မိတ္တူကိုတော့ မြို့နယ်ကို ပေးရမယ်။ ကားဖြတ်သန်း ခွင့်ကိုတော့ ကုန်စည်ပိုင်ရှင်တွေက သွားရောက်ညှိနှိုင်း ရပါမယ်" လို့ ပြောပါတယ်။
စစ်တွေ-ရေချမ်းပြင်-အငူမော်-မောင်တောလမ်းပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှု မရှိတော့ လို့ မောင်တောနယ်စပ်ကုန်သွယ်ရေးမှာ ရပ်တန့်သွားမယ့် အနေအထားနဲ့ ရင်ဆိုင်နေရတာပါ။
အဲဒီအတောအတွင်း ဒေသခံတွေရဲ့ ခရီးသွားလာဖို့ နဲ့ ကုန်စည်စီးဆင်းဖို့ကို ဘူးသီးတောင်-စစ်တွေ ရေလမ်းကြောင်းကို အားထားနေကြရပါတယ်။
အခုနှစ်မေလအတွင်း ဘင်္ဂလားဒေ့ရှ်သို့ မြန်မာဘက်မှ ပို့ကုန်တန်ချိန် ၇၃၁၀ တင်ပို့နိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ Mini Budget ခြောက်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ် နိုင်ငံနယ်စပ်ကုန်သွယ်မှုမှာ စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှ ကုန်သွယ်မှုဒေါ်လာ ၃၈ သန်းကျော် ရရှိခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။