ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် အမှတ်၂ ရပ်ကွက် သုမာလာ ၈ လမ်းမှာ ဒီကနေ့မနက် ဇနီးဖြစ်သူနဲ့ စက်ဘီးစီးလာတဲ့ ရာအိမ်မှူးကို ဆိုင်ကယ်စီးလာသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
သုမာလာ ၈ လမ်း မဟာအတုလဓမ္မာရုံရှေ့မှာ ဒီကနေ့ မနက် ၁၁ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှ ဇနီးဖြစ်သူနဲ့ပြန်လာတဲ့ ရာအိမ်မှူးကို ဆိုင်ကယ်စီးလာသူသုံးဦးက အနောက်မှ ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"သူတို့လင်မယားနောက်က ဆိုင်ကယ်နဲ့လိုက်လာတာ ဓမ္မာရုံရှေ့ကျမှ ပစ်သွားတာ၊ သေနတ်နဲ့ သုံးချက်ပစ်တယ်၊ ခေါင်းထိတယ် အခြားနေရာတွေရော" လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးမှ ရာအိမ်မှူး ဦးသောင်းဒန်ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာနှစ်ချက်နဲ့ မေဓါဝီဆေးရုံကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
လက်တလောမှာ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ၂ ရပ်ကွက် မဟာအတုလဓမ္မာရုံရှေမှာ ပစ်ခတ်မှုနဲ့ ပတ်သတ်ပြီး လမ်းသူလမ်းသားတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
မနေ့က ရန်ကုန်မှာ ရွှေပြည်သာ၊ ကြည့်မြင်တိုင်၊ အင်းစိန်နဲ့ မရမ်းကုန်းမြိုနယ်တွေမှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တာကြောင့် ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။