ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ မှ မောင်တောမြို့ကို ကုန်ပစ္စည်းတွေ သယ်ယူခွင့်အား သြဂုတ် ၂၀ ရက်မှစတင်ပြီး စစ်ကောင်စီက ပိတ်လိုက်တယ်လို့ ဘူးသီးတောင်ဒေသခံတွေက ပြောပါတယ်။
"ဟုတ်ပါတယ်။ ကျနော်တို့ ဒီနေ့မနက် ဟင်းသီးဟင်းရွက်တွေတင်ပြီး မောင်တောကိုလာကြတာ။ စစ်ဗျူဟာမှ တားဆီးပြီး ပြန်လှည့်ခိုင်းတယ်။ ကုန်တွေမပါဘဲ လူအလွတ်ဆိုရင်တော့ သွားလို့ရမယ်။ ကုန်တွေပါရင်တော့ သွားလို့မရဘူးလို့ပြောတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်းစီ နဲ့ ရက္ခိုင်တပ်တော် အေအေတို့ သြဂုတ် ၁၃ ရက်နေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် စစ်တွေ-အငူမော်-မောင်တော လမ်းအား အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီး အခုတဖန် ဘူးသီတောင်မြို့ကနေ မောင်တောမြို့ကို ကုန်စည်စီးဆင်းမူအား ဘူးသီးတောင်မြို့ထွက်ဝ ဗျူဟာစခန်းက တားဆီးလိုက်တာလည်းဖြစ်ပါတယ်။
ကုန်စည်စီးဆင်းမူအား အခုလို တားဆီးပိတ်ပင်ထားတာကြောင့် မောင်တောမြို့က ပြည်သူတွေ ကုန်စည်ပြတ်လပ်မှာကို စိုးရိမ်နေကြပါတယ်။
"ဒါက အလုပ်မဟုတ်တောဘူး။ တမင်ရည်ရွယ်ချက်ရှိရှိ စားနပ်ရိက္ခာတွေဖြတ်နေတာ။ အငူမော်လမ်းမှာ တိုက်ပွဲဖြစ်လို့ လမ်းပိတ်ရင်လည်း ဘူးသီးတောင်လမ်းမှာ တိုက်ပွဲဖြစ်တာ မဟုတ်ဘူးလေ။ အခုက လူတော့သွားလို့ ရတယ်၊ ကုန်တော့ မသယ်ရဘူးဆိုတော့ တရားလွန်သွားပြီ" လို့ မောင်တောဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီက မောင်တောဒေသကို ဖြတ်လေးဖြတ်အသုံးပြုပြီး ရက္ခိုင်တပ်တော် (အေအေ) အား အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို လူအင်အား၊ လက်နက်အင်အား အမြောက်အမြားလည်း တင်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။