စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာကို စစ်သည်နဲ့ စားနပ်ရိက္ခာပို့ပြီး ပြန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စက်လှေကို ဩဂုတ် ၁၉ ရက် နေလယ် ၁ နာရီလောက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ Farmers Revolution Force -FRF(CHU)က သိရပါတယ်။
Farmers Revolution Force -FRF(CHU) သတင်းပြန်ကြားရေးတာဝန်ရှိသူက “မုံရွာကနေ စက်လှေနဲ့ ပြန်တက်လာချိန် မိုင်တဲလ် မမ ၇ လုံးနဲ့ တိုက်တာ။ စက်ရပ်သလို ဖြစ်သွားတယ်။ အပြန်အလှန်ပစ်ခတ်ကြတာ။ သူတို့ဘက်က ၈ ဦး သေတယ်။ လေယာဉ်နဲ့ သယ်သွားတယ်”လို့ ပြောပါတယ်။
ပစ်ခတ်မှုအပြီး စစ်တပ်က ချင်းတွင်းမြစ်ကမ်းနားက PDF တွေ ပုန်းအောင်းနိုင်ခြေရှိတဲ့ ရွာ တရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို Farmers Revolution Force-FRF(CHU)နဲ့ မုံရွာ-ဗန္ဓုလအဖွဲ့သားများ(LDF)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့ အရေအတွက်ကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။