စစ်ကိုင်းတိုင်း ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ်ကျေးရွာမှာ သြဂုတ် ၁၉ ရက် နေ့လယ်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၈၀ လောက် ကျေးရွာအတွင်းကို မနက် ၉ နာရီလောက်က စတင်ဝင်ရောက်လာပြီး နေ့လယ်ပိုင်း ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"အင်အားကတော့ ၈၀ လောက်ရှိတယ်။ မနက် ၉ နာရီလောက်က ရောက်လာပြီး နေ့လယ် ၁၂ နာရီလောက်မှာ ဈေးတန်းနားက အိမ်တွေကိုစရှို့တော့တာပဲ။"
စစ်ကောင်စီတပ်က ကျေးရွာနေအိမ်တွေကို မီးရှို့နေတာကြောင့် ပြည်သူတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။
“ကျေးရွာက ပြည်သူတွေကတော့ ထွက်ပြေးနေကြပြီ။ နေ့လယ်ပိုင်းအထိတော့ အိမ် ၁၀ လုံးလောက် မီးလောင်နေပြီ။ ကျနော်တို့လည်း ဘေးလွတ်ရာရှောင်လာရတော့ ဘယ်နှလုံး မီးထဲပါသွားပြီလည်း မသိရဘူး။"
သြဂုတ် ၃ ရက်နေ့ကလည်း ကျောက်ထုံးကြီး တိုက်နယ်ကျေးရွာနေ ပြည်သူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။