ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းရှိ ကျူးကျော်နေအိမ်တလုံးမှာ ဒီကနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
နေအိမ်အနောက်ဘက် အိမ်သာသွားတဲ့ ဝါးတံတားပေါ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အုန်းခနဲ အသံကြားပြီး ဗုံးပေါက်မှ သိတာ။ အဲဒီလူက ဗိုက်ပွင့်ပြီး သေနေတာ အိမ်သာသွားတဲ့အချိန် ဗုံးပေါက်တာလားမသိဘူး။ ဘယ်လိုပေါက်လဲတော့ မသိဘူး” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲတဲ့နေအိမ်မှ အိမ်ရှင် ကိုဖြိုးဝေမှာ တိမ်းရှောင်သွားတာကြောင့် စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“အိမ်ရှင်က ထွက်ပြေးသွားတော့ သေတဲ့သူကို အတည်ပြုဖို့က ခက်နေတယ်။ ဗုံးစမ်းရင်း ပေါက်တာလား၊ ဘယ်လိုပေါက်လဲတော့မသိဘူး။”
လက်တလောမှာ စစ်ကောင်စီတပ်တွေနဲ့ရဲတွေဟာ ဖွံ့ဖြိုးရေးလမ်းရှိ ကျူးကျော်နေအိမ်တွေကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းကလည်း ရွှေပြည်သာမြို့နယ် အမှတ် ၁၅ ရပ်ကွက်၊ နီလာစျေးမှာ ထ/၁၆ ရပ်ကွက်က ရာအိမ်မှူး ဦးဝင်းဇော် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့လို့ ရာအိမ်မှူးဟောင်း ဦးခင်စိုးကိုလည်း စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
အလားတူပင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ၃ ရပ်ကွက် ဦးရေခဲလမ်းနဲ့ အောင်သိဒ္ဓိလမ်းဆုံမှာ ဗုံးနှစ်ကြိမ် ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။