ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ၃ ရပ်ကွက် ရန်ကုန်-အင်းစိန်လမ်းကြီး ဦးရေခဲလမ်းနဲ့ အောင်သိဒ္ဓိလမ်းဆုံမှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်-အင်းစိန်လမ်းမကြီးမှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြသူတွေ ထွက်သွားပြီးနောက် မင်းအောင်လှိုင်ပုံစံတူ ရုပ်တုမှ ဗုံးပေါက်ကွဲခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အဲဒီအရုပ်ချထားတာကို စစ်တပ်က တွေ့တယ်၊ သွားမကိုင်ရဲဘူး၊ ဗုံးပေါက်ပြီးမှ သွားကြတာ။ နောက်တလုံး ထပ်တွေ့လို့ စစ်တပ်က ဖောက်ခွဲပစ်လိုက်တာ" လို့ ပြောပါတယ်။
မရမ်းကုန်းမြို့နယ် ရန်ကုန်-အင်းစိန်လမ်းမကြီးမှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ရာ တလုံးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးဖြစ်တာကြောင့် ယမ်းကပ်ဖျက်ဆီးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ရန်ကုန်-အင်းစိန်လမ်းမကြီးတလျှောက်မှာ ဆန္ဒပြလူငယ်တွေကို လက်တလော လိုက်လံရှာဖွေနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းကလည်း ရွှေပြည်သာမြို့နယ် လှော်ကားကျေးရွာ၊ လှော်ကားဘုရားလေး မှတ်တိုင်အနီးရှိ နီလာဈေးမှာ ဇနီးဖြစ်သူနဲ့အတူ စျေးလာဝယ်တဲ့ ရာအိမ်မှူးတယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားပါတယ်