တနင်္သာရီတိုင်း ထားဝယ်မြို့အရှေ့တောဒေသမှာရှိတဲ့ ပကာရီကျေးရွာရဲကင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာထဲက လူနေအိမ်တချို့ ထိမှန်ခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၁၇ ရက် ည ၉ နာရီကျော်က ပကာရီရဲကင်းကို အမည်မသိအဖွဲ့က လာရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီက ရွာထဲကို စက်သေနတ်နဲ့ ပစ်ခဲ့တာလို့ ဆိုပါတယ်။
ရွာခံတဦးက “အိမ် သုံးလေးလုံးလောက်ထိတယ်။ တအိမ်က အိမ်ထဲ ကျည်ဖောက်ဝင်ပြီး အသုံးအဆောင် ပစ္စည်းတချို့ ထိမှန်ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
သေနတ်သံ ကြားကြားချင်း ပုန်းခိုနေခဲ့တာကြောင့် လူထိခိုက်မှု မရှိဘဲ ဘေးကင်း လုံခြုံခဲ့တယ်လို့ အဲဒီရွာခံက ရှင်းပြပါတယ်။
ဧပြီ ၂၄ ရက်မှာ ထားဝယ်မြို့နဲ့ ၁၀ မိုင်လောက် ဝေးကွာတဲ့ ပကာရီရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီးနောက် ထားဝယ်အရှေ့တော ဒေသမှာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။