နေပြည်တော်အကျဉ်းထောင်မှာ ထောင်ဒဏ်ထပ်မံချမှတ်ခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ ဩဂုတ် ၁၇ ရက်က နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံ စဉ် အခုလို တောင်းဆိုခဲ့တာလို့ အထူးကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“သူလက်ရှိနေနေရတဲ့ အခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ နေထိုင်စားသောက်ရတာနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်ပါတယ်။ မကြာခင် သူအိမ်ပြန်ရောက်နိုင်ဖို့ တောင်းဆိုပါတယ်။” လို့ နိုလင်းဟေဇာက ပြောကြားလိုက်ပြီး “ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ဆုံး တွေ့ဆုံခွင့်ရချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပုဂ္ဂိုလ်ရေးအရလည်း ကျမက ဒေါ်အောင်ဆန်းစုကြည်ကို အရေးထားတဲ့အပြင်၊ ကျမရဲ့ သက်ဆိုင်ရာ အဖွဲ့အားလုံးနဲ့ ဆွေးနွေးမှုအတွက် သူက အလွန်အရေးပါတဲ့သူတဦးဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်”လို့ စစ်ခေါင်းဆောင်ကို ပြောကြားခဲ့ပါတယ်။
ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေကို လတ်တလော သေဒဏ်ပေးအပြီးမှာ အနာဂတ် ကွက်မျက်မှုတွေ အားလုံးကို တရားဝင် ဆိုင်းငံ့ထားဖို့လည်း အထူးကိုယ်စားလှယ်က စစ်ခေါင်းဆောင်ကို တိုက်ရိုက်တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်ရဲ့ တောင်းဆိုချက်ကို ထပ်လောင်းပြောကြားခဲ့ပြီး ဩစတြေးလျအစိုးရရဲ့ အထူးတောင်းဆိုချက်ဖြစ်တဲ့ စီးပွားရေးပညာရှင် ရှောင်တာနယ်ကို ပြန်လွှတ်ပေးဖို့နဲ့ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ ဘက်ပေါင်းစုံမှ ပဋိပက္ခတွေကို ဖြေရှင်းဖို့နဲ့ အကူအညီလိုအပ်နေတဲ့ ပြည်သူအားလုံးကို ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာမှု အကူအညီတွေ လွတ်လပ်စွာ ထောက်ပံ့ပေးနိုင်ရေးအတွက် လက်တွေ့ဆောင်ရွက်ရမယ့်ကိစ္စတွေကို လူချင်းတွေ့ဆုံပြောကြားဖို့ဖြစ်တယ်၊ အာဏာသိမ်းစစ်ကောင်စီကို တရား အစိုးအရအဖြစ် အသိအမှတ်ပြုဖို့လာတာမဟုတ်ဘူးလို့ အထူးကိုယ်စားလှယ်ရုံးက ရှင်းရှင်းလင်းလင်း ထုတ်ပြန် ထားပါတယ်။
နိုလင်းဟေဇာက “ ကျမရဲ့ ခရီးစဉ်က ကုလသမဂ္ဂရဲ့ စိုးရိမ်မှုကို အသိအပေးပြောကြားဖို့နဲ့ ပြည်သူတွေအားလုံး ဘေးဒုက္ခခံစားးနေရတာတွေကို ပဋိပက္ခကို လျှော့ချဖို့ လိုအပ်နေတဲ့ ခိုင်မာအားကောင်းတဲ့ ဆောင်ရွက်ချက်တွေကို အဆိုပြုဖို့ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ ဘယ်နည်းနဲ့မှ တရားဝင်မှုကို ပေးဆောင်တာ မဟုတ်ပါ။” လို့ ပြောပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်နဲ့အညီ လုံခြုံရေးကောင်စီရဲ့ နောက်ဆုံးတောင်းဆိုချက်ဖြစ်တဲ့ အကြမ်းဖက်မှု အမျိုးမျိုးကို ချက်ချင်းရပ်တန့်ဖို့၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အပြည့်အဝလိုက်နာဖို့၊ ဘေးကင်းလုံခြုံပြီး လွတ်လပ်တဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေကို လိုအပ်သူအားလုံး အပြည့်အဝရရှိစေရေး၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ အရပ်သားတွေရဲ့ နေအိမ်တွေ အခြေခံအဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးမှု ရပ်တန့်ဖို့လည်း နိုလင်းဟေဇာက စစ်ခေါင်းဆာင်ထံ တောင်းဆိုခဲ့ပါတယ်။
ကုလသမဂ္ဂအထူးသံတမန်ဟာ ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်းမိတ္တူကို ဗိုလ်ချုပ်မှူးကြီးထံ ပေးအပ်ခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ရရှိလိုပါက ပဋိညာဉ်ပါ သတ်မှတ်ချက်တွေနဲ့ စံနှုန်းတွေကို လိုက်နာဖို့လည်း တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
နိုလင်းဟေဇာဟာ မြန်မာနိုင်ငံခရီးစဉ်အပြီး အခုလနှောင်းပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက် သွားရောက်ကာ ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကိုသွားရောက်ဖို့ စီစဉ်ထားကြောင်း၊ ဒုက္ခသည်တွေ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အခြေအနေတွေကို ဖန်တီးပေးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း စစ်ခေါင်းဆောင်ကို ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုလင်းဟေဇာရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘာတွေတုံ့ပြန်ပြောဆိုခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီ ပြန်ကြားရေးကတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ ကုလအထူးကိုယ်စားလှယ်တို့ရဲ့ မနေ့က တွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂတို့အကြား ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အခြေအနေတွေနဲ့ စပ်လျဉ်းပြီး အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြတယ်လို့ သတင်းထုတ်ပါတယ်။
စစ်ကောင်စီခန့် ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရာမှာတော့ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့ကျကျ အပြုသဘော သုံးသပ်ဆောင်ရွက်ဖို့လိုကြောင်း ဝန်ကြီးက အလေးထားပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို ဩဂုတ် ၁၆ ရက်က ရောက်ရှိနေတာဖြစ်ပြီး မနှစ် အောက်တိုဘာလက စတင်ကာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို လာရောက်ခွင့်ရတဲ့ ခရီးစဉ်ဖြစ်ပါတယ်။
အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်က တာဝန်အရ သွားရောက်တယ်ဆိုတာ နားလည်ပေမဲ့ စစ်ကောင်စီကို အသိအမှတ်ပြုသလိုမဖြစ်အောင် အထူးသတိထားရပါလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး တာဝန်ရှိသူ ဦးကျော်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
Photo-DSINFO/MOFA