ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေတွေအတွင်း စစ်ဘေးဒုက္ခသည် သုံးသိန်းခွဲကျော် ရှိလာပြီလို့ ကေအန်ယူက ဩဂုတ် ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ကေအန်ယူ ထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ (၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ မြိတ်−ထားဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေတွေမှာ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသနေပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရတာလို့ ဆိုပါတယ်။
သထုံခရိုင် တပ်မဟာ (၁) မှာ ၉၄,၇၆၈ ဦး၊ တောင်ငူခရိုင် တပ်မဟာ (၂) မှာ ၇,၅၃၇ ဦး၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) မှာ ၆၁,၈၉၈ ဦး၊ မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) မှာ ၆,၀၀၀ ဦး၊ မူတြော်ခရိုင် တပ်မဟာ (၅) မှာ ၉၆,၁၈၀ ဦးနဲ့ ဒူးပလာယာခရိုင် တပ်မဟာ (၆) မှာ ၉၀,၂၉၁ ဦး စုစုပေါင်း ၃၅၆,၆၇၄ ဦးလို့ ဖော်ပြထားပါတယ်။
စာရင်းထပ်ကောက်နေဆဲဖြစ်တာကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက် ဒီထက် ပိုများလာနိုင်တယ်လို့လည်း ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက် နေရာထိုင်ခင်း၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေး လိုအပ်ချက်တွေကို ေကအန်ယူနဲ့ လက်အောက်ခံ အဖွဲ့အစည်တွေက တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာ ကေအန်ယူနဲ့ လက်အောက်ခံတပ်ဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့က အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ အတွက် နေ့စဉ် စစ်ရေးကုန်ကျစရိတ်၊ စစ်ရေးလိုအပ်ချက်တွေအပြင် စစ်ဘေးရှောင် ပြည်သူတွေရဲ့ လိုအပ်ချက်ကိုပါ တပြိုင်နက်တည်း စီစဉ်ဆောင်ရွက်နေရကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇူလိုင် ၃၁ ရက် စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည်ပေါင်း ၈၆၀,၀၀၀ ကျော် ရှိလာပြီး အာဏာမသိမ်းခင်က ဒုက္ခသည်တွေ အပါအဝင်ဆိုရင် စုစုပေါင်း ၁ ဒသမ ၂ သန်းအထိ ရှိနေပြီဖြစ်ပါတယ်။