မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ကလေးမိခင်တယောက်က အသက် ၅ နှစ်အရွယ် ကလေးတယောက်ကို သြဂုတ်လအစပိုင်းက ငွေကျပ် ၁၅ သိန်းနဲ့ ရောင်းချခဲ့ပြီး ကလေးဝယ်သူ ပွဲစားက လောက်ကိုင်မြို့ကို ပို့ဆောင်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ကလေးကို မိခင်ဖြစ်သူကိုယ်တိုင် ဥက္ကဋ္ဌဆီမှာ လက်မှတ်ထိုးရောင်းခဲ့တာဖြစ်ပြီး လောက်ကိုင်မြို့က ဝယ်သူတွေက ပွဲစားကနေတဆင့် ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုသူတယောက်က “သူတို့ပတ်ဝန်းကျင်အမြင်မှာတော့ မွေးစားသလိုလုပ်ကြတာ။ ပြီးမှ စာချုပ်မှာက အရောင်းအဝယ်စာချုပ် ဖြစ်နေတာ။ ကလေးကိုလည်း လောက်ကိုင်ကနေ လှမ်းဝယ်တယ်ပြောတယ်။ ဒီကနေ့လည်း ရွာဘက်က အမေတယောက် သူ့ကလေးကို လာရောင်းတယ်။ ခု သူတို့ စာချုပ် ချုပ်နေကြတယ်” လို့ ပြောပါတယ်။
ဒီနေ့ သြဂုတ် ၁၇ ရက်မှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီမှာ ရွာဘက်က မိခင်တယောက်က ကလေးကိုရောင်းဖို့ စာချုပ် ချုပ်ဆိုနေတယ်လို့ သိရပြီး ကလေးအသက်အရွယ်နဲ့ ဝယ်သူကိုတော့ မသိရသေးပါဘူး။
“ကိုယ့်ကလေးကို ရောင်းတယ်ဆိုတာတော့ သိပ်မပြောချင်ပါဘူး။ ခုက ကလေးဝယ်တဲ့သူတွေလည်း ရှိနေတော့ နောက်ကျ တခြားကလေးတွေ ခိုးပြီး လာရောင်းတာတွေ ဖြစ်လာမှာစိုးလို့ပါ။ ကိုယ့်ကလေးမဟုတ်ဘဲ လာရောင်းရင် ပြဿနာတွေ တက်ကုန်မှာစိုးလို့။” လို့ အမည်မဖော်လိုသူက ပြောပါတယ်။
ကလေးရောင်းတဲ့မိခင်တွေက မိုးကုတ်မြို့ရဲ့ ကျေးရွာဘက်ကဖြစ်ပြီး ဘာကြောင့်ရောင်းတယ် ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။