မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စက်သုံးလောင်စာဆီတွေ ပြတ်လပ်လာတာကြောင့် မီတာခတွေ ထပ်မံတိုးမြှင့်ကောက်ခံသွားမယ်လို့ မီးလင်းရေးကော်မတီက သြဂုတ် ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
မီးလင်းရေးကော်မတီဘက်ကတော့ အခုလို စက်သုံးလောင်ဆီတွေ အလွယ်တကူ ဝယ်ယူဖို့ နိုင်ငံခြားငွေ အလုံလောက်မရှိတာရယ်၊ ဒီဇယ်ဈေးတွေ၊ ဒေါ်လာဈေးတွေ မြင့်တက်သွားတာကြောင့် အခုလကစပြီး မီးသုံးစွဲခ တယူနစ်ကို ကျပ် ၁,၃၅၀ ကနေ ကျပ် ၁,၅၅၀ အထိ ပေးဆောင်ရမှာဖြစ်ပြီး ၂၄ နာရီအစား မနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ လျှပ်စစ်မီးကို ယာယီဖြတ်တောက်ထားမယ်လို့ ဆိုပါတယ်။
“လက်ရှိမှာ အခုမီတာခနဲ့၊ ပြီးတော့ မီးကလည်း နေ့ဘက်ဆို မလာရင် မီးစက်နဲ့သုံးပြီး လုပ်ခဲ့ရင်လည်း အခုဓာတ်ဆီဈေးနဲ့က ဘယ်လိုမှ အလုပ်နဲ့ တွက်ခြေမကိုက်ဘဲ တပိုင်တနိုင် အလုပ်က ထိခိုက်ကြတယ်” လို့ လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
အိမ်ရှင်မတွေကလည်း “အခုအလုပ်တွေက အဆင်မပြေကြတဲ့ ကြားကနေ အရင်က တလဆို ကျပ် ၃၀,၀၀၀ လောက်ကုန်တာ။ အခု ဈေးဆို ကျပ် ၅၀,၀၀၀ လောက်အထိ ကုန်ကျမယ်။ အခုက စားဖို့လည်းပူရ၊ ရေ မီးကအစ ကုန်စျေးနှုန်းကပါ ကြီးပြန်တော့ အိမ်တအိမ်ရဲ့ ကုန်ကျစရိတ်က များပြီးဆိုတော့ ရှေ့ဆက် ရပ်တည်ဖို့က သာမန်လူတန်းစားတွေမှာ တနေ့တခြား ခက်ခဲလာနေတယ်” လို့ ပြောပါတယ်။
အခု ဒေါ်လာဈေးနဲ့ စက်သုံးဆီဈေးတွေ စံချိန်တင် တဖန်ပြန်မြင့်တက်လာခဲ့တာကြောင့် အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်းမှာ အလုပ်အကိုင် ရှားပါးလာသလို ပုံမှန်ဝင်ငွေတွေ မရှိတော့ ပြည်ပနိုင်ငံတွေ ထွက်ခွာကြတဲ့သူတွေလည်း နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။
စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ရက်က မြန်မာနိုင်ငံအတွင်း စက်သုံးလောင်စာဆီတွေ လျှော့သုံးပြီး ဝယ်ယူကြဖို့ ပြောဆိုရာကနေ တနိုင်ငံလုံးမှာ စက်သုံးဆီဈေးတွေ ထပ်မံမြင့်တက်လာသလို စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်မှုနဲ့ ကြုံနေရတာပါ။
စက်သုံးဆီ ဂါလန် ၁၃ သိန်းလောက် ရောက်ရှိနေပြီး လာမယ့်ရက်ပိုင်းအတွင်း စက်သုံးဆီ တင်ဆောင်လာတဲ့ သင်္ဘော ၁၂ စင်း ထပ်မံဝင်ရောက်လာဖို့လည်း ရှိတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောထားပါတယ်။
ပြည်တွင်းစက်သုံးဆီ အလုံအလောက် ရှိနေတဲ့အတွက် ပြတ်လပ်မှာကို စိုးရိမ်စရာ မရှိဘူးလို့လည်း ဆိုပါတယ်။