နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးတရားစွဲပြီး မတရားပြစ်ဒဏ်တွေ ထပ်မံချမှတ်လိုက်တဲ့အပေါ် ဥရောပသမဂ္ဂ (အီးယူ) နဲ့ မလေးရှားနိုင်ငံတို့က ပြစ်တင်ရှုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်ကောင်စီရဲ့ ခုံရုံးက အဂတိမှုနဲ့ စွပ်စွဲပြီး ထောင်ဒဏ် ၆ နှစ် မတရားပြစ်ဒဏ်ထပ်ချမှတ်လိုက်တဲ့အပေါ် အီးယူ နိုင်ငံခြားရေးမူဝါဒ ညွှန်ကြားရေးမှူးချုပ် ဂျိုးဇက်ဘိုရဲလ်က ဩဂုတ် ၁၅ ရက်မှာ ပြစ်တင်ရှုတ်ချခဲ့ပြီး ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တာပါ။
“ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ၆ နှစ် မတရား ပြစ်ဒဏ်ချမှတ်တာကို ကျနော် ရှုတ်ချပါတယ်။ သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ စစ်အာဏာရှင်တွေကို တောင်းဆိုတယ်” လို့ ဂျိုးဇက်ဘိုရဲလ်က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
မြန်မာရဲ့ စစ်အာဏာရှင်တွေအနေနဲ့ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ပြန်လွှတ်ပေးဖို့နဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့လည်း အီးယူတာဝန်ရှိသူက တိုက်တွန်း တောင်းဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ၆ နှစ် ပြစ်ဒဏ်ချမှတ်တာနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို လတ်တလောမှာ သေဒဏ်စီရင်ခဲ့တာတွေဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း မြန်မာနိုင်ငံမှာ ပြည်ထောင်စုပြန်လည်စည်းလုံးရေးနဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုတွေကို မြန်မာစစ်ကောင်စီက ဂရုမစိုက် အလေးမထားကြောင်း အကြိမ်ကြိမ်ပြသနေတာပဲ ဖြစ်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်ကလည်း ပြောကြားလိုက်ပါတယ်။
မြန်မာပြည်သူလူထုနဲ့အတူ မလေးရှားက ရပ်တည်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့၊ NUG နဲ့ NUCC အပါအဝင် ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းတွေ အားလုံးနဲ့ ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာဖို့ တောင်းဆိုချက်တွေကို ထောက်ခံအားပေးပါတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက တွစ်တာလူမှုကွန်ရက်ကနေ ရေးသားခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးတည်းက စစ်အာဏာရှင်တွေက ဖမ်းဆီးထိန်းသိမ်းထားခဲ့တာဖြစ်ပြီး အဲဒီအချိန်တည်းက အမှုတွေ တခုပြီးတခုနဲ့ စွပ်စွဲ တရားစွဲဆိုနေခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့ အမှုစုစုပေါင်း ၂၀ ထက်မနည်းရှိခဲ့ပြီး အဲ့ဒီအထဲက ၆ မှုအတွက် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၁ နှစ် ကနဦး ချမှတ်ထားရာကနေ မနေ့က ထောင်ဒဏ် ၆ နှစ် ထပ်ချလိုက်တဲ့အတွက် စုစုပေါင်းထောင်ဒဏ် ၁၇ နှစ်အထိ ရှိသွားပြီဖြစ်ပါတယ်။